သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက် လုပ်ကိုင်နေချိန်မှာ ကိုယ်ပိုင်ဂျက် လေယာဉ်တွေကို အသုံးပြုခဲ့မှုကြောင့် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ ဝေဖန်ခံနေရပါတယ်။
မင်းသား ဟယ်ရီကတော့ လုံခြုံရေးကြောင့်သာ အဲ့ဒီလေယာဉ်တွေကို ရှားရှားပါးပါး အသုံးပြုလေ့ ရှိကြောင်းနဲ့ သူ့ရဲ့ ခရီးစဉ်တွေမှာ လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့ လုပ်ဆောင်နေတယ်လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။
မင်းသား ဟယ်ရီက “ကျနော်ဟာ စီးပွားဖြစ် လေကြောင်းလိုင်းတွေနဲ့ပဲ ကမ္ဘာပတ်ပြီး ကျနော့် ဘဝရဲ့ ၉၉ ရာခိုင်နှုန်းကို ကုန်ဆုံးစေခဲ့တာပါ”လို့ အမ်စတာဒမ်မြို့မှာ စက်တင်ဘာလ ၃ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ အဲလိဇဘက်ဘုရင်မကြီးရဲ့ မြေးတော်တဦးဖြစ်တဲ့ မင်းသား ဟယ်ရီက သူ့ရဲ့မိသားစုဘေးကင်းစေဖို့နဲ့ ထူးခြားတဲ့ အခြေအနေမျိုး ရှိမှသာလျှင် ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ သွားတာပါလို့လည်း ပြောပါတယ်။
ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အစီအစဉ်အရ ခရီးသွားတွေအနေနဲ့ သူတို့ရဲ့ ခရီးလမ်းကြောင်း တလျှောက်လုံးမှာ ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏနဲ့ ကိုက်ညီတဲ့ ငွေပေးချေတာမျိုး၊ သစ်ပင်စိုက်ပေးတာမျိုးနဲ့ ပြန်လည် ကုစားကြရမှာ ဖြစ်ပါတယ်။
မင်းသား ဟယ်ရီကတော့ အခုလိုမျိုး ကာဗွန်လျှော့ချမှု အစီအစဉ်က အမှန်အကန် လုပ်ဆောင်ရမှာဖြစ်ပြီး အဆင်ပြေအောင်လုပ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။
မင်းသားဟာ သဘာဝ ပတ်ဝန်းကျင်ရေးရာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတဲ့အကြောင်း ပြောဆိုနေတဲ့တချိန်တည်းမှာပဲ အခုလိုမျိုး ပွဲအစီအစဉ်တွေကို တက်ရောက်တဲ့အခါမှာ ကိုယ်ပိုင်လေယာဉ် ၄ စင်းအထိ အသုံးပြုခဲ့တာကို ထိန်ချန်ထားမှုနဲ့ စွပ်စွဲမှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီလိုမျိုး ဝေဖန်မှုတွေကို ကာကွယ် ပြောကြားခဲ့သူကတော့ ပြီးခဲ့တဲ့ လတုန်းက ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အိမ်ဆီကို ဟယ်ရီနဲ့ ဇနီး မီဂန်တို့ထံ ဖိတ်ကြားခဲ့တဲ့ အဆိုတော် Elton John ဖြစ်ပြီး တော်ဝင်စုံတွဲဟာ သတင်းမီဒီယာတွေမှာ ထိုးနှက် တိုက်ခိုက်ခံနေရတယ်လို့ သူက ဆိုပါတယ်။
အခု အမ်စတာဒမ်မြို့မှာ ထူထောင်လိုက်တဲ့ “Travalyst” အစီအစဉ်ဟာ ခရီးသွားလုပ်ငန်း ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Booking.com, TripAdvisor, Ctrip နဲ့ Visa တို့ရဲ့ အားပေးထောက်ခံမှုနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အခုလို ရှေ့ဆောင်လမ်းပြ အစီအစဉ်ကြောင့် ခရီးသွားတွေအနေနဲ့ တဦးချင်းစီရဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်မှာဖြစ်ပြီး ခရီးသွားလုပ်ငန်းကို ကာကွယ်ရာရောက်မယ့်အပြင် ဒေသဆိုင်ရာ စီးပွားရေးကိုလည်း ဖွံ့ဖြိုးစေမယ်လို့ ဆိုပါတယ်။
မင်းသား ဟယ်ရီနဲ့ အဲ့ဒီအဖွဲ့ရဲ့ တည်ထောင်သူ အဖွဲ့ဝင်တွေကတော့ သူတို့မိတ်ဆက်မယ့် အစီအစဉ်အသေးစိတ် ဥပမာတွေနဲ့ ချမှတ်လုပ်ဆောင်မယ့် အရေးယူမှုတွေကိုတော့ ပြောဆိုတာမျိုး မရှိသေးပါဘူး။
Ref. Reuters
You may also like these stories:
“အဖေများနေ့” မှာ သားတော်လေးရဲ့ ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ တော်ဝင်ဇနီးမောင်နှံ
တော်ဝင်မင်းသားဟယ်ရီနဲ့ မင်းသမီးမီဂန်မာကယ်တို့ရဲ့ ရင်သွေးနာမည်ကို ကြေညာ
ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ မင်းသမီး မီဂန်မာကယ်တို့ ပထမဆုံးရင်သွေး ရရှိ