မင်းသမီး Priyanka Chopra နဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် Nick Jonas တို့ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ People မဂ္ဂဇင်းရဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး ဝတ်စားဆင်ယင်နိုင်သူတွေ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူတို့ဟာ စုံတွဲတတွဲအနေနဲ့ မဂ္ဂဇင်းရဲ့ သမိုင်းမှာ ပထမဆုံး အခုလိုမျိုး ဂုဏ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် မယ်ကမ္ဘာဆုရှင်ဟောင်း Chopra ဟာ ဘောလိဝုဒ်မှာရော ဟောလိဝုဒ်မှာပါ လှုပ်ရှားနေတဲ့ အနုပညာရှင်တဦးဖြစ်ပြီး သူနဲ့ ခင်ပွန်းဖြစ်သူ အသက် ၂၆ နှစ်အရွယ် Jonas တု့ိဟာ သရုပ်ဆောင် Billy Porter ၊ တင်းနစ်ချန်ပီယံ Serena Williams ၊ Jennifer Lopez ၊ Lady Gaga၊ Celine Dion တို့နဲ့အတူ People မဂ္ဂဇင်းနဲ့ နှစ်စဉ်ထုတ်ပြန်နေကျ စာရင်းထိပ်ဆုံးမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
မဂ္ဂဇင်းရဲ့ စတိုင်နဲ့ အလှပရေးရာ ဒါရိုက်တာ Andrea Lavinthal က “ဒါဟာထိပ်ဆုံး ၁၀ ဦးစာရင်းမှာ အကောင်းဆုံး ဝတ်စားဆင်ယင်နိုင်သူအနေနဲ့ အမျိုးသားတဦး ဒါမှမဟုတ် စုံတွဲတတွဲအနေနဲ့ ပထမဆုံး ပါဝင်လာတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပေါင်းစပ်မှုဟာ တကယ့်ကိုပဲ ကြည့်ရတာ စိတ်လှုပ်ရှားစေပါတယ်” လို့ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။
“Quantico” ဆိုတဲ့ စီးရီးမှာ ပါဝင်ခဲ့ပြီးနောက် အမေရိကန် ရုပ်သံစီးရီးတခုမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံး ပါဝင်နိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသူ Chopra ဟာ Jonas Brothers ဂီတအဖွဲ့ထဲက သူ့ထက် ၁၁ နှစ်ငယ်တဲ့ Jonas နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
မတူ ကွဲပြားတဲ့ စတိုင်တွေနဲ့ ဒီဇိုင်းတွေကို ထုတ်ဖော်ပြသနိုင်ပြီး အမြဲတမ်း ကြည့်ကောင်းနေတဲ့အတွက် Chopra နဲ့ Jonas တို့စုံတွဲကို Lavinthal က ချီးမွမ်းခဲ့ပါတယ်။ Pose ရုပ်သံစီးရီးထဲက အမ်မီဆု ဆန်ခါတင် ဆုရှင် Porter ကတော့ အကောင်းဆုံး ဝတ်စားဆင်ယင်နိုင်သူ စာရင်းမှာ နံပါတ် ၇ နေရာကနေ သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၄၉ နှစ်အရွယ် Porter က ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲမှာ အနောက်တိုင်းဝတ်စုံနဲ့ ဂါဝန်ကို တွဲစပ်ပြီး ဖန်တီးလာတဲ့ ဒီဇိုင်းကတော့ ပရိသတ်တွေ ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။
People မဂ္ဂဇင်းရဲ့ အခုလိုမျိုး အကောင်းဆုံး ဝတ်စားဆင်ယင်နိုင်သူများ စာရင်းကို ဖော်ပြထားတဲ့ မဂ္ဂဇင်း စာအုပ်ကိုတော့ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့ကစလို့ အမေရိကန်နိုင်ငံမှာ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
လက်ချင်းချိတ်ပြီး ပရိသတ်ရှေ့ပွဲထွက်လာခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ
Priyanka Chopra ရဲ့မိခင်ကို တွေ့ဖို့ အိန္ဒိယကို ရောက်လာတဲ့ Nick Jonas
ခင်ပွန်းသည် Nick Jonas ကို Photoshop နဲ့ ပြင်ထားတဲ့ပုံတင်ပြီး အားပေးခဲ့တဲ့ Priyanka Chopra
Nick Jonas အပေါ် ထင်မြင်ချက်ပေးရန် စောလွန်းတယ်လို့ Priyanka Chopra ရဲ့ မိခင်ပြောကြား