“မောင့်နောက် လိုက်ခဲ့မယ်” သီချင်းနဲ့ ပရိသတ်များရဲ့ အားပေးမှုရရှိခဲ့တဲ့ အဆိုတော် ဂေဂေးကတော့ LGBT (Lesbian, Gay, Bisexual, Transgender) များနဲ့ ပတ်သက်ပြီး လူသားချင်းချင်း ချစ်ကြတာဖြစ်တဲ့အတွက် မုန်းနေကြတာ မဟုတ်တာကြောင့် လက်ခံတယ်လို့ ပြောပါတယ်။
“LGBT ဆိုတာကလည်း လူထဲက လူပါပဲ။ လူသားအချင်းချင်း ချစ်ကြတဲ့အခါမှာ ယောကျာ်းချင်း ချစ်တာတို့၊ မိန်းမချင်း ချစ်တာတို့ မရှိပါဘူး။ တယောက်နဲ့တယောက် ချစ်နေကြရင် ပြီးတာပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် လှပပါတယ်။ မုန်းတာ မဟုတ်ဘူး၊ ချစ်တာဖြစ်တဲ့အတွက် လက်ခံပါတယ်”လို့ ဂေဂေးက ပြောပါတယ်။
ဒါ့အပြင် Lesbian အတွဲလေးတွေဆိုရင်လည်း မိန်းကလေးချင်း ချစ်ကြတာဖြစ်တဲ့အတွက် တယောက်စိတ်ကို တယောက်နားလည်ပြီး ချစ်ကြတာကြောင့် ကောင်းပါတယ်လို့ ဂေးဂေးက ပြောပါတယ်။
“Lesbian အတွဲတွေဆိုရင်လည်း မိန်းကလေး နှစ်ယောက် ချစ်ကြတယ်။ မိန်းကလေးချင်း ုဖစ်တဲ့အတွက် တယောက်စိတ်ကို တယောက် နားလည်တယ်။ ယောကျ်ားလေးနဲ့ မိန်းကလေးဆိုရင်တောင် ညှိရတာ ခက်ခဲတဲ့ အရာတွေ ရှိမယ်။ မိန်းကလေးအချင်းချင်းမှာ သူ့အကြိုက်၊ ကိုယ့်အကြိုက်ဆိုတဲ့ အရာတွေကို ပိုပြီးနားလည်ပေးတဲ့အတွက် မိန်းကလေးချင်း တွဲတာလည်း ကောင်းပါတယ်။ ယောကျ်ားလေးချင်းတွဲတာလည်းကောင်းပါတယ်။ စုံတွဲလေးတွေလည်း ကောင်းပါတယ်”လို့ ဂေဂေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ယခုနောက်ပိုင်းမှသာ တဖြည်းဖြည်းနဲ့ နားလည်လာကြတာဖြစ်ပြီး အရင်က LGBT ဆိုရင် သိုဝှက်ပြီးနေရတဲ့ အနေအထားတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာဆိုရင်တော့ ဒီယဉ်ကျေးမှုတခုဆိုတာ ထိုးဖောက်ဖို့ ခက်ခဲပါတယ်။ အရင်တုန်းကဆိုရင် LGBT ဆိုရင် သိုဝှက်ပြီးနေရမယ့် အနေအထားတွေ ရှိခဲ့တယ်။ အခုကျတော့ အဲ့လိုမျိုးတွေ မရှိတော့ပါဘူး။ အပေါင်းအသင်းတွေထဲမှာ ဒီလိုတွေ ရှိခဲ့ရင်တောင် အဆင်ပြေပါတယ်။ လူတွေမှာလည်း စိတ်အမျိုးမျိုး စိတ်အထွေထွေ ရှိကြပါတယ်။ ယောကျ်ားလေးတွေလည်း ဒီလိုမျိုးရှိကြပါတယ်”လို့ ဂေဂေးက ပြောပါတယ်။
ဂေဂေး ကိုယ်တိုင်ကလည်း LGBT ထောက်ခံတဲ့သူ တယောက်ဖြစ်ပြီး အပေါင်းအသင်းတွေထဲမှာလည်း ရှိတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ဂီတလှုပ်ရှားမှုအနေနဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ ဂီတလောကထဲ ဝင်ရောက်လာတဲ့ သူငယ်ချင်းများနဲ့အတူ “FRIEND” ဆိုတဲ့ အခွေ ထွက်ဖို့ရှိပြီး သီချင်းဟောင်းတပုဒ်နဲ့ အသစ် တပုဒ် သီဆိုထားတယ်လို့ သိရပါတယ်။
သီချင်းအဟောင်းကို ပြန်ဆိုရတဲ့ ခံစားချက်ကိုလည်း ဂေးဂေးက “သီချင်းအဟောင်းဆိုရတာက အရမ်းကိုစိတ်ဖိစီးမှု များတယ်။ ဒီသီချင်းက ကိုယ့်ကြောင့် ဖျက်စီးလိုက်သလို ဖြစ်သွားမှာလား။ ပျက်စီးသွားမှာလားဆိုတဲ့ ဖိစီးမှုတွေ ရှိတယ်။ သီချင်းအသစ်ကျတော့လွတ်လပ်စွာ ဖန်တီးလို့ရတယ်။ သီချင်းအဟောင်းဆိုတာလည်း ခံစားချက် တမျိုး၊ အသစ်ကလည်း ခံစားချက် တမျိုးပေါ့”လို့ ပြောပါတယ်။
အရင်ကလည်း သီချင်းအဟောင်းတွေကို သီဆိုဖူးပြီး အပြင်ရှိုးပွဲများမှာ သီဆိုတဲ့အခါမှာ ပရိသတ်များနားစွဲနေပြီးသား ဖြစ်တဲ့အတွက် အဆင်ပြေအောင် သီဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဂေဂေးကတော့ တကိုယ်တော်အခွေ ၂ ခွေ ထွက်ရှိထားပြီး ဆက်လက်ပြီးတော့လည်း တတိယအခွေကို ပြင်ဆင်နေပြီလို့ သိရပါတယ်။
You may also like these stories:
“LGBT တယောက်ဆိုတာ သေချာပြီဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ပါ”လို့ ဦးဟန်ဇော်လတ် ပြော
လူ့အခွင့်အရေး မြှင့်တင်ရေး ဘဝနှစ်ထားသူ တယောက်၏ ဇာတ်လမ်း
LGBT တွေကို မခွဲခြားဘဲ နွေးနွေးထွေးထွေး ဆက်ဆံတဲ့ နိုင်ငံများ