တချိန်က သရုပ်ဆောင် ဖြစ်ခဲ့ပြီး ယခုအချိန်မှာ ဒါရိုက်တာ အနေနဲ့ ရပ်တည်နေတဲ့ ညိုမင်းလွင်ကတော့ အနုပညာလောကကို စတင် ရောက်ရှိကတည်းက သရုပ်ဆောင် ပြေတီဦးနဲ့ ခင်မင်ခဲ့တာဖြစ်ပြီး အချင်းချင်း စနောက်လို့ စိတ်ဆိုးသွားရင် ဆိုးတဲ့သူ အလွန်ပဲလို့ ပြောပါတယ်။
“ပြေတီဦးနဲ့က ကျနော်တို့ အရမ်းခင်ကြတယ်။ ကျနော်တို့ အချင်းချင်းက အမြဲနောက်နေတာ၊ ခင်လာတာ လည်း ကြာပြီ။ ကျနော် ပြေတီဦးနဲ့ ခင်တဲ့သက်တမ်းက ရုပ်ရှင်လောကထဲရောက်တဲ့ သက်တမ်းနဲ့ အတူတူပဲ။ ရုပ်ရှင်လောကထဲ ရောက်ချိန်မှာ ပထမဆုံးခင်ခဲ့တဲ့ သူငယ်ချင်းက သူ၊ ကျောင်းအတူတူ မတက်ခဲ့ဖူးပေမယ့် ရုပ်ရှင်လောကမှာ စခင်ခဲ့တဲ့ သူငယ်ချင်းပေါ့။ အသက်ကြီးလာလေလေ၊ ငယ်ငယ်တုန်းက အပူအပင် မရှိပေါင်းလာတဲ့ သူငယ်ချင်းတွေက ပိုပြီးတန်ဖိုးထားစရာ ဖြစ်လာတယ်”
“ကျနော်တို့ အချင်းချင်း စနောက်လို့ စိတ်ဆိုးသွားရင် ဆိုးတဲ့သူ အလွန်ပဲ။ အရင်တုန်းကတော့ သူလည်း ဘာမှ မဟုတ်သေးဘူး။ ကျနော်လည်း ဘာမှ မဟုတ်သေးဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး နောင်တချိန် ဖြစ်ချင်တာတွေ ပြောခဲ့ကြဖူးတယ်။ အရမ်း သာယာတယ်။ ဒီချိန်မှာ အကယ်ဒမီ ပြေတီဦးအဖြစ်နဲ့ ပညာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌအဖြစ်နဲ့ ကိုယ့်သူငယ်ချင်းကို မြင်ရတာ အရမ်းဝမ်းသာပါတယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။
ဒါရိုက်တာ ညိုမင်းလွင်က သူငယ်ချင်းဖြစ်သူ ပြေတီဦးနဲ့ အမှတ်တရတွေကိုလည်း အခုလိုပဲ ပြောပြပါသေးတယ်။
“သူ့ကို သဘောကျတာ တခုက သူ့ကိုယ်သူ တွက်ချက် ပြင်ဆင်ထားတယ်။ ဖြစ်လာမယ့် အခြေအနေတွေကိုလည်း လက်ခံနိုင်ဖို့ ပြင်ဆင်ထားတယ်။ ကျနော်ကျတော့ ဖြစ်ချင်တယ်ဆိုရင် ဖြစ်မယ်၊ ကျနော်မှာ Second Choice ဆိုတာ မရှိဘူး။ အခုလိုမျိုး သူငယ်ချင်းတယောက် ရှိခွင့်ရခြင်းက ကောင်းပါတယ်။ ကျနော်တို့ အသက်တွေလည်း ရလာပြီလေ။ ရေချိုးခန်းထဲမှာ ဆေးလိပ်တွေ ထိုင်သောက်ပြီး ရေတွေ ချိုးခဲ့ကြဖူးတယ်။ အဲဒါက ပြေတီဦးနဲ့ အမှတ်တရပေါ့။ သူနဲ့ ကျနော် ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေး ခေါင်းစဉ်အောက်ကနေ ရိုက်ဖို့ရှိတယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။
ဒါရိုက်တာ ညိုမင်းလွင်ကတော့ ထူးခြားတဲ့ ဇာတ်လမ်း အကြောင်းအရာတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာတဦး ဖြစ်ပြီး “မြမြ” ဆိုတဲ့ ရုပ်ရှင်ကိုလည်း ရိုက်ကူးဖို့ စီစဉ်နေပါတယ်။ မကြာခင်မှာလည်း “မြ”ရုပ်ရှင်နဲ့ ပတ်သက်ပြီး မုဒိမ်းသမား ဇာတ်ကောင်နေရာမှာ ပါဝင်မယ့် သရုပ်ဆောင်သစ်များကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။