တရုတ်မင်းသမီး ဂေါင်းလီဟာ ပုလဲဆိပ်ကမ်း ဗုံးကြဲတိုက်ခိုက်မှုဖြစ်ရပ်ကို နောက်ခံထားတဲ့ သမိုင်းနောက်ခံ အဖြူ၊ အမည်း လျှို့ဝှက်ထောက်လှမ်းရေး ရုပ်ရှင်ဖြစ်တဲ့ “Saturday Fiction” မှာ လျှို့ဝှက်အစီအစဉ် ရှိနေတဲ့ ရုပ်ရှင်မင်းသမီးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။
မင်းသမီး ဂေါင်းလီဟာ ရှန်ဟိုင်းမြို့မှာ ရှိတဲ့ Lyceum ပြဇာတ်ရုံမှာ ချစ်သူဟောင်းနဲ့ “Saturday Fiction” အမည်ရတဲ့ ပြဇာတ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဒုတိယကမ္ဘာ စစ်ကာလဖြစ်တဲ့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ပြန်လာခဲ့တဲ့ မင်းသမီး Jean Yu အဖြစ် ပါဝင်ထားပါတယ်။
ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ဝင်ရိုးအဖွဲ့တွေရဲ့ကြား လျှို့ဝှက်ထောက်လှမ်း ရေးကိစ္စတွေနဲ့ တိုက်ခိုက်နေတဲ့သူဖြစ်ပြီး မကြာခင်မှာပဲ ရှန်ဟိုင်းမြို့ကို သိမ်းပိုက်ထားတဲ့ ဂျပန်တွေရဲ့လက်ထဲမှာရှိတဲ့ သူ့ရဲ့ ခင်ပွန်းဟောင်းနဲ့အတူ လုပ်ဆောင်နေတဲ့ မင်းသမီးရဲ့ ရည်ရွယ်ချက်တွေကို လူတော်တော်များများက သံသယ ရှိလာကြတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့တုန်းက ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တဲ့ အဲ့ဒီရုပ်ရှင်မှာ မင်းသမီး Yu နဲ့ မဟာမိတ်တပ်ဖွဲ့တို့ကြားက အချိတ်အဆက်ဟာ ဟာဝိုင်အီမှာရှိတဲ့ အမေရိကန်ရေတပ် အခြေစိုက်စခန်း တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ရုပ်လုံးပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ သူကိုယ်တိုင်ကလည်း မယုံကြည်မှု ကွန်ရက်ကြီးထဲမှာ ပါဝင်နေခဲ့တယ်ဆိုတာကို သိလာခဲ့ရပါတယ်။
“Memoirs of a Geisha” နဲ့ “Farewell My Concubine” ရုပ်ရှင်တို့နဲ့ လူသိများတဲ့ မင်းသမီး ဂေါင်းလီက “ဒီရုပ်ရှင်ကို ဖန်တီးဖို့ဆိုတာ တကယ့်ကိုပဲ မလွယ်ပါဘူး။ ဒီရုပ်ရှင်ဟာ ကျမတို့ရဲ့ဒါရိုက်တာအတွက် တကယ့်ကိုပဲ ကိုယ်ရေးကိုယ်တာဆန်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ဆိုပါတယ်။
သရုပ်ဆောင်တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးတယ်လို့လည်း ဆိုပါတယ်။ ထုတ်လုပ်တဲ့အပိုင်းမှာတော့ ဒါရိုက်တာ Lou Ye က ဒီဇာတ်လမ်းကို ပုံဖော်ဖို့အတွက် ရှန်ဟိုင်း ပြဇာတ်ရုံမှာရှိတဲ့သူ့ရဲ့ မိဘတွေဆီကို သွားလည်ဖြစ်ရတဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
“Saturday Fiction” ရုပ်ရှင်ဟာ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ထိပ်တန်းဆုဖြစ်တဲ့ ရွှေခြင်္သေ့ဆုအတွက် ယှဉ်ပြိုင်တဲ့ ရုပ်ရှင် ၂၁ ကားထဲမှာပါဝင်ပြီး လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ ဆုရရှိတဲ့ ဇာတ်ကားကို ကြေညာမှာ ဖြစ်ပါတယ်။
Ref. asiaone