Entertainment

"ကိုယ့်ကြောင့် ရုပ်ရှင်ကို ပရိသတ် စိတ်ဝင်စားမှု နည်းမှာ စိုးရိမ်တယ်"လို့ အေးမြတ်သူ ပြော

ကိုရီးယားနဲ့ မြန်မာ ပူးပေါင်း ရိုက်ကူးထားတဲ့ “တန်ဖိုး”ရုပ်ရှင်ကားကြီးမှာ ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင် အေးမြတ်သူက ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ် စိတ်ဝင်စားမှု လျော့နည်းမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“အေးမြတ်သူ ‘တန်ဖိုး’ ဇာတ်ကားအတွက် အရမ်းကို ရင်ခုန်ရပါတယ်။ ခေါင်းဆောင်အနေနဲ့ သွားရတဲ့ကားက နည်းတယ်။ ဒီကားကလည်း ကိုယ့်ကို နေရာ တနေရာ ပေးထားတယ်။ ဇာတ်လမ်း ရည်ရွယ်ချက်ကလည်း အရမ်းကောင်းမွန်တာကြောင့် ပါဝင်ခွင့်ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ ဒရာမာကား ဆိုပေမယ့် အရမ်း ဟဲဗီးဒရာမာ မဟုတ်ဘူး”

“ဒီကားမှာ စိတ်ဝင်စားမှုလျော့ခဲ့ရင်လည်း ငါ့ကြောင့်လားဆိုပြီး စိုးရိမ်စိတ် ရှိတယ်။ ဈေးကွက်အရ ရုံထဲကို လူ ဝင်မှု၊ မဝင်မှုကလည်း ရှိနေတယ်။ အနုပညာမြောက်တိုင်းလည်း လူဝင်ချင်မှ ဝင်တာပေါ့။ ဒီကားလေးသာ ရလဒ် ကောင်းခဲ့မယ်၊ ပရိသတ်များပြီး လူဝင်ခဲ့မယ်ဆိုရင် အေးမြတ်သူအတွက် နောက်ထပ်လှေကား တခုကို တက်ခွင့်ရမယ်လို့ ယုံကြည်တယ်။ အေးမြတ်သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပေမယ့် ထုတ်လုပ်သူတွေက ဈေးကွက်ကို ကြောက်တယ်”လို့ အေးမြတ်သူက ပြောပါတယ်။

“တန်ဖိုး” ဇာတ်ကားကို ဒါရိုက်တာ ဂျွန်လရော်က ပုံဖော်ရိုက်ကူးထားပြီး ဒါရိုက်တာ အသစ်ပေမယ့် အနုပညာ ဝမ်းစာပြည့်တာကြောင့် အလုပ်လုပ်ရတာ အဆင်ပြေတယ်လို့ အေးမြတ်သူက ဆိုပါတယ်။

“ဒါရိုက်တာအသစ်လို့ ပြောပေမယ့် အရမ်းကို အနုပညာ ဝမ်းစာပြည့်ပြီး တကယ့်ကို စာတွေ့၊ လက်တွေ့ အကုန်လုံးကို သေချာ လေ့လာ ဆည်းပူးထားတဲ့ ဒါရိုက်တာ ဖြစ်တဲ့အတွက် အလုပ်လုပ်ရတာ အရမ်းကို အဆင်ပြေတယ်။ ဈေးကွက်ကို စိတ်မဝင်စားဘဲ အေးမြတ်သူကို အဓိက နေရာက ထားရိုက်ပေးတဲ့အပေါ် မှာ ကျေးဇူးတင်တယ်။ အေးမြတ်သူက တခါတလေ အလုပ်လုပ်ရင် နည်းနည်းလေး ပရမ်းပတာ အိုဗာဖြစ်တာ မျိုးရှိတယ်”

“ဒါရိုက်တာက နိုင်ငံတကာက Documentary ရုပ်ရှင်ပွဲတော်မှာ ဆုရထားတဲ့ ဒါရိုက်တာ တယောက် ဖြစ်တယ်။ ဒါရိုက်တာကြီးရဲ့ ပညာကို လာကြည့်စေချင်ပါတယ်။ တန်ဖိုးဆိုတဲ့ ကားကြီးကိုလည်း ပရိသတ်တွေ ကြည့်ဖို့ပြောချင်ပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

“တန်ဖိုး” ရုပ်ရှင်ကားကြီးရဲ့ ဒါရိုက်တာ ဂျွန်လရော် ရေးသား ရိုက်ကူးပြီး၊ Director of Photography အဖြစ် တောင်ကိုရီးယားနိုင်ငံသား Sungwook Min နဲ့ တွဲဖက် ဒါရိုက်တာအဖြစ် JIHYE SUNG တို့က ပူးပေါင်း ရိုက်ကူးထားတာပါ။

ဒီဇာတ်ကားမှာ သရုပ်ဆောင်များ အနေနဲ့ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်၊ မော်နီကာပန် နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Loading