Entertainment

"တန်ဖိုး"ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အကြောင်း ပြောပြတဲ့ ထွန်းထွန်း

အဆိုတော်တယောက် အနေနဲ့သာမက သရုပ်ဆောင် တယောက်အနေနဲ့ပါ ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ ထွန်းထွန်း(Examplez) ကတော့ “တန်ဖိုး”ဇာတ်ကားမှာ လေလွင့်နေတဲ့ ကောင်လေးနေရာက သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“တန်ဖိုးဆိုတဲ့ ကားလေးမှာတော့ နိုင်နိုင်ဆိုတဲ့ ဇာတ်ကောင် စရိုက်ပေါ့။ ဘဝကို ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပုံစံ၊ ခါးပိုက်နှိုက်လည်း လုပ်တယ်။ လေလွင့်နေတဲ့ ကောင်လေးနေရာက သရုပ်ဆောင်ထားပါတယ်။ ကျနော့်အနေနဲ့ ဒါရိုက်တာ လိုချင်တဲ့ ပုံစံတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစား သရုပ်ဆောင်ထားပါတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

ကိုရီးယားနိုင်ငံသားများနဲ့ ပူးပေါင်း ရိုက်ခဲ့တဲ့ အဆိုပါ “တန်ဖိုး” ရုပ်ရှင် ရိုက်ကူးစဉ်က အမှတ်တရတွေ အကြောင်းကိုလည်း ထွန်းထွန်းက အခုလိုပဲ ပြောပါတယ်။

“ရိုက်ကွင်း အမှတ်တရတွေကတော့ အများကြီးပါပဲ။ ကိုယ့်စကားလည်း သူ နားမလည်ဘူး။ သူ့စကားလည်း ကိုယ်နားမလည်နဲ့ ခြေဟန်လက်ဟန်နဲ့ ပြတာတွေလည်း ရှိတယ်။ ဒါရိုက်တာကြီးကလည်း ဟိုဘက် ဘာသာပြန် ဒီဘက် ဘာသာပြန်နဲ့ အမှတ်တရတွေ အများကြီးပဲပေါ့။ ရေချိုးတဲ့ ဇာတ်ဝင်ခန်းဆို ဘယ်လိုတွေ ရင်းနှီးသွားပြီးမှ ဘယ်လိုတွေ ဖြစ်ကြလဲဆိုတာကို ရိုက်ပြချင်တဲ့အနေနဲ့ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်ခန်းပါ”

“ရင်းနှီးတာ မရင်းနှီးတာထက် အချစ်ကား ရိုက်ရင် တော်တော်လေး အားထည့်ရပါတယ်။ ရုံတင်တော့မယ် ဆိုတော့ ရင်ခုန်ပါတယ်။ ဒီဇာတ်ကားလေးက ပေးချင်တဲ့ Message လည်း တော်တော်ကောင်းတယ်”လို့ ထွန်းထွန်းက ပြောပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားတဲ့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးလည်း ထွန်းထွန်းက အချိန်တန်ရင် အသိပေးမှာပါလို့ ဆိုပါတယ်။ “ချစ်သူရပါပြီ။ အရမ်းချစ်ပါတယ်။ ဘယ်သူလဲဆိုတာတော့ အချိန်တန်ရင် ပရိသတ်တွေကို အသိပေးမှာပါ။ အသက်ရလာတော့ အချစ်ရေး ဖြေရတာ ရှက်လာပြီ”လို့ ထွန်းထွန်းက ပြောပါတယ်။

“တန်ဖိုး” ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ဂျွန်လရော် ရေးသား ရိုက်ကူးပြီး၊ Director of Photography အဖြစ် တောင်ကိုရီးယားနိုင်ငံသား Sungwook Min နဲ့ တွဲဖက် ဒါရိုက်တာအဖြစ် JIHYE SUNG တို့က ပူးပေါင်း ရိုက်ကူးထားတာပါ။

ဒီဇာတ်ကားမှာ သရုပ်ဆောင်များ အနေနဲ့ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်၊ မော်နီကာပန် နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

You may also like these stories:

ACID အဖွဲ့လို FG Live Lounge ပွဲမှာ ဖျော်ဖြေချင်တယ်လို့ ထွန်းထွန်း ပြော

“နိုင်ငံကြီးသား တယောက်ဖြစ်ဖို့ စည်းကမ်းနဲ့ စာနာစိတ်ရှိဖို့ လိုတယ်”လို့ ထွန်းထွန်း ပြော

Loading