Entertainment

ဂီတလောကကနေ အနားယူတော့မယ်လို့ အဆိုတော် Nicki Minaj ကြေညာ

Rap အဆိုတော် Nicki Minaj ဟာ မိသားစုတခုကို ထူထောင်ဖို့ ဂီတလောကကနေ အနားယူတော့မှာ ဖြစ်ကြောင်း စက်တင်ဘာ ၅ ရက်နေ့မှာ ကြေညာခဲ့တဲ့အတွက် ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။

အသက် ၃၆ နှစ်အရွယ် အဆိုတော် Minaj ဟာ သူ့ရဲ့ Follower သန်း ၂၀ ရှိတဲ့ Twitter အကောင့်ကနေ အဲ့ဒီသတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်တုန်းကတော့ သူဟာ ကိုယ်ဝန်ဆောင်နေရပြီလား၊ လက်ထပ်တော့မှာလား စတဲ့ အကြောင်းအရာတွေကို ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။

အဆိုတော် Minaj က “ကျမ အနားယူပြီး မိသားစုတခုကို ထူထောင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ရှင်တို့ အခု ပျော်နေမယ်ဆိုတာ သိပါတယ်။ ကျမရဲ့ ပရိသတ်တွေအတွက် ကျမ သေတဲ့အထိ ကျမကို ကိုယ်စားပြုပေးကြပါ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ချစ်သူ Kenneth Zoo Petty နဲ့ လက်ထပ်ဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပြီး သြဂုတ်လမှာတော့ သူ့ရဲ့ Twitter အကောင့်နာမည်ကို Mrs.Petty လို့ ပြောင်းလဲခဲ့ပါတယ်။ မကြာသေးခင်တုန်းကတော့ သူတင်ဆက် ပေးနေတဲ့ “Queen Radio” အစီအစဉ်မှာ သူနဲ့ ချစ်သူ Perry တို့ဟာ လက်ထပ် မှတ်ပုံတင်လျှောက်ထားခဲ့ကြပြီး နောက်ထပ် ရက်ပေါင်း ၈၀ အတွင်း လက်ထပ်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

အဆိုတော် Minaj ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက “Pink Friday” ဆိုတဲ့ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်နဲ့အတူ ဂီတလောကထဲ ဝင်ရောက်လာခဲ့တာပါ။ သူဟာ တခြားအဆိုတော်တွေနဲ့ ပြဿနာတက်တာ၊ အတ္တကြီးတာစတဲ့ ပြဿနာတွေအပြင် ဟုတ်တိုင်းမှန်ရာ ပြောတတ်တဲ့ မှတ်ချက်တွေကြောင့် လူသိများသူလည်း ဖြစ်ပါတယ်။

ရှားပါးတဲ့ အမျိုးသမီး Rap အဆိုတော်တွေထဲက တဦးအနေနဲ့ သူဟာ အမေရိကန်ဂီတဆု ၆ ဆု ရရှိထားပြီး “American Idol” အစီအစဉ်ရဲ့ အငြင်းပွားဖွယ် ဒိုင်တဦးလည်း ဖြစ်လာခဲ့သူပါ။ ပြီးတော့ သူဟာ ၂၀၁၆ ခုနှစ်တုန်းက Time မဂ္ဂဇင်းရဲ့ ကမ္ဘာပေါ်မှာ လွှမ်းမိုးနိုင်မှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

အခု လောလောဆယ်အထိတော့ ဂီတလောကကနေ အနားယူမယ်ဆိုတဲ့ သူ့ရဲ့ ရေးသားပြောဆိုချက် မှန်၊ မမှန် ဆိုတာကို မီဒီယာအသီးသီးက သူ့ရဲ့ ကိုယ်စားလှယ်တွေထံကနေ အတည်ပြုချက် ရယူနေဆဲ ဖြစ်ပါတယ်။

သူဟာ နောက်ဆုံ းဂီတလှုပ်ရှားမှုအနေနဲ့ ပြီးခဲ့တဲ့ လမှာ တက်သစ်စ အဆိုတော် Megan Thee Stallion ရဲ့ Hot Girl Summer သီချင်းမှာ ပါဝင်ခဲ့ပါတယ်။ အခုနှစ် ဇွန်လထဲမှာတော့ “Megatron” အမည်ရှိတဲ့ Single သီချင်းတပုဒ်ကို ဖြန့်ချိထားပြီး သူ့ရဲ့ ပဉ္စမမြောက် Album ဖြစ်လာမယ့် စတူဒီယို Album အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Ref: asiaone

You may also like these stories:

LGBT နဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဝေဖန်မှုများကြောင့် ဆော်ဒီဖျော်ဖြေပွဲမှ Nicki Minaj နုတ်ထွက်

“Angry Birds 2” ရုပ်ရှင်မှာ အသံသရုပ်ဆောင်မယ့် Nicki Minaj

ကျေးဇူးတော်နေ့မှာ ကြက်ဆင်တွေအခမဲ့ဝေငှပေးခဲ့တဲ့ Nicki Minaj

Loading