အလှမယ် သင်းသင်းက သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုမှာတော့ တရားလိုဘက်မှ သက်သေခံအဖြစ် သူတို့ နှစ်ဦးရဲ့ ဖုန်းပြောထားတဲ့အသံဖိုင်များစွာကို တင်သွင်းခဲ့ရာ စွပ်စွဲခံရသူဘက်မှ အဆိုပါ အသံဖိုင်များကို လျှောက်လွှဲချက်တင်ကာ ကန့်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး တရားလိုရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလိုပဲ ပြောပါတယ်။
“အသံဖိုင်နဲ့ ပတ်သက်တဲ့မှတ်တမ်းပေါ့။ ဒီမှတ်တမ်းတွေက အရေးကြီးလို့ပါ။ အရေးကြီးလို့ ကျနော်တို့ကတင်တာပါ။ ရုံးက ဘယ်လို ဆုံးဖြတ်မလဲဆိုတာတော့ မသိသေးပါဘူး”လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
စက်တင်ဘာလ ၅ ရက်နေ့ရုံးချိန်းမှာ တရားလိုဘက်မှ တင်သွင်းထားတဲ့ အသံဖိုင်များကို ဝေဠုကျော်ဘက်မှ လျှောက်လွှဲချက်တင် ကန့်ကွက်ခဲ့တာဖြစ်ပြီး ထူးခြားမှု အနေနဲ့ စွပ်စွဲခံရသူဘက်မှ အင်တာဗျူးများမှာ သူ့အကြောင်း ထည့်မပြောရန် ပြောသွားတယ်လို့ သိရပါတယ်။
“ထူးခြားတာကတော့ တဖက်က ရှေ့နေကြီးက အင်တာဗျူးတွေမှာ သူ့အကြောင်းကို ထည့်မပြောပါနဲ့တဲ့။ အမှုသည် အချင်းချင်း ပြောရင်ပြောပါစေတဲ့။ သူ့အကြောင်းလည်း ကျနော်တို့က မပြောပါဘူး။ ဘာလို့ မပြောနဲ့ဆိုတာလည်းတော့ အကျိုးသင့် အကြောင်းသင့် မသိပါဘူး”လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
တရားလိုဖြစ်သူ သင်းသင်းကတော့ သက်သေများ တင်သွင်းရမှာက သူ့တာဝန် ဖြစ်တာကြောင့် တင်သွားမှာဖြစ်ပြီး ရုံးချိန်းကြာတယ်လို့ စွပ်စွဲခံရသူဘက်မှ ပြောတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ကျမ တရားလိုဘက်က သက်သေ တင်ရမယ့် တာဝန်က ကျမ တာဝန်။ တရားလိုဘက်က ပယ်ဖျက်ပိုင်ခွင့်က သူတို့ တာဝန်။ ဆုံးဖြတ်ရမှာက တရားရုံးက အမိန့်ချရမှာ။ သူတို့ဘက်က ရုံးချိန်းကြာတယ်၊ ကြာတယ်ပြောတယ်။ မကြာချင်ရင် မပျက်နဲ့”လို့ သင်းသင်းက ပြောပါတယ်။
ဆက်လက်ပြီး “ပြီးတော့ ပရဟိတဆိုတာ ရေဘေးဖြစ်နေတဲ့ နေရာတွေကို သူတယောက်တည်း မသွားရုံနဲ့ ဘာမှမဖြစ်ဘူး။ တနိုင်ငံလုံး ရေဘေးကို သွားနေတာ။ ပရဟိတဆိုတာ တနေရာတည်းလုပ်လို့မရဘူး။ အခုစစ်ပွဲဖြစ်နေတဲ့ လားရှိုးတို့ တခြားနေရာတွေ ရှိတယ်။ အဲ့နေရာတွေမှာ ပြည်သူတွေ အရမ်း ဒုက္ခရောက်နေတယ်။ အဲ့လိုမျိုးနေရာတွေမှာ သွားကယ်တယ်ဆိုရင်က ကျမ ဘက်ကနေ ခွင့်ကိစ္စကို လိုက်လျောရင် လိုက်လျောမှာပေါ့။ ရေဘေးကျတော့ တနိုင်ငံလုံး သွားနေတာ”လို့ သင်းသင်းက ပြောပါတယ်။
အမှုက ရှေ့လာမယ့် ရုံးချိန်းများမှာ ပိုမိုပြီး စိတ်ဝင်စားစရာ ကောင်းမယ့် အပိုင်းများကို ရောက်ရှိလာတော့မှာဖြစ်ပြီး နောက်တပတ် ရုံးချိန်းကိုတော့ စက်တင်ဘာလ ၁၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပါတယ်။
You May Also Like These Stories:
“သက်သေအဖြစ် တင်သွင်းတဲ့ ဗီဒီယိုဖိုင်က ၁ မိနစ်စာ ရှိတယ်”လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ပြော
“အချိန်ကုန်မခံချင်ရင် ပြစ်မှုမကျူးလွန်နဲ့” လို့ ပြောလိုက်တဲ့ သင်းသင်း