ကိုရီးယားနဲ့ မြန်မာ ပူးပေါင်း ရိုက်ကူးထားတဲ့ “တန်ဖိုး” ရုပ်ရှင်ကားကြီးမှာ ပါဝင်တဲ့ သရုပ်ဆောင် ရန်အောင်က ဒီကားမှာ ဂိုဏ်းစတားအဖြစ် ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
“ကျနော်က ‘တန်ဖိုး’ ဇာတ်ကားထဲမှာ ဂိုဏ်းစတားပေါ့။ ဒါရိုက်တာကလည်း အသစ်ဖြစ်တဲ့အတွက် သူ့အိုင်ဒီယာအတိုင်း နားထောင်ပြီး ကုတ်အင်္ကျီ အဖြူတွေပဲ ဝတ်ပြီး သရုပ်ဆောင်ပေးထားပါတယ်။ အပြင်မှာ သပ်သပ်ရပ်ရပ်နဲ့ တရားမျှတတဲ့ ပုံမျိုး၊ အပြောချိုချိုလေးနဲ့နေပြီး စီးပွားရေးနဲ့ ပတ်သက်လာရင် အရမ်းကို လောဘကြီးတယ်”
“ခက်ထန်တယ်၊ ပြတ်သားတယ်ဆိုတဲ့ ပုံစံနဲ့ ဇာတ်ကားထဲမှာလည်း ဦးသန့်စင်ဆိုတဲ့အတိုင်း သန့်သန့်လေးနေတဲ့ သူမျိုးပေါ့။ တန်ဖိုးဆိုတဲ့ ကားလေးက အရာရာ တန်ဖိုးရှိတယ်။ လူတိုင်းလူတိုင်းမှာရော၊ ပစ္စည်းတိုင်း ပစ္စည်းတိုင်းမှာရော သူ့အရာနဲ့သူ၊ သူ့တန်ဖိုးနဲ့သူ ရှိတယ်ဆိုတာကို ပြောချင်တာပါ။ ဇာတ်ကားလေးက အရမ်းကောင်းပါတယ်”လို့ ရန်အောင်က ပြောပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့ တခြား သရုပ်ဆောင်များနဲ့ ပတ်သက်လို့လည်း ရန်အောင်က အခုလို ဆိုပါတယ်။
“အမှတ်တရတွေက အများကြီးပါပဲ။ ဇာတ်ကားထဲမှာ မမို့ကိုလည်း ပါးကို ဖောင်းဆိုပြီး ရိုက်လိုက်ရတယ်။ အေးမြတ်သူ ဇာတ်လေးပေါ့။ တကယ့်ကို အေးမြတ်သူနဲ့က အရင်ကတည်းက ခင်တယ်။ ကားတွေလည်းတူတူ ရိုက်ဖူးတယ်။ သူနဲ့ ဆုံပေမယ့် ဟဲဗီး ဒရာမာတွေ မလုပ်ရဘူးပေါ့”
“သူလည်း သူ့လမ်းသူ ဖောက်ပြီး ကြိုးစားတယ်။ အဲ့အတွက် အရမ်းချီးကျူးတယ်။ မင်းသမီးထဲ အနေအထိုင် ရိုးရှင်းတယ်။ ပွင့်လင်းတယ်။ သူ့ကိုယ်သူ ပြုပြင်ပြီးတော့ နေတယ်။ အဲ့ဒါတွေ သဘောကျတယ်။ ဒီဇာတ်ကားမှာ သူနဲ့ အမှတ်တရကြီးတော့ သိပ်မရှိဘူး။ သူက အကြီးတွေလည်း ရိုသေတယ်”လို့ ရန်အောင်က ပြောပါတယ်။
ကိုရီးယားနဲ့ လက်တွဲလုပ်ကိုင်ရတဲ့အခါ အလုပ်ကို အာရုံစိုက်တာတွေ အတူယူစရာတွေ ရှိတယ်လို့လည်း ရန်အောင်က ဆိုပါတယ်။
“ကျနော်လည်း ဂျပန်မှာ သွားရိုက်ဖူးပါတယ်။ ဂျပန်မှာ သွားရိုက်တော့ သူတို့တွေက အချိန်သိပ်လေးစားတယ်။ သူတို့တွေက အလုပ်အလုပ်ပဲ။ အလုပ်ထဲမှာ ပြုံးပြရင်တောင် ပြန်ပြုံးမပြဘူး။ သူတို့ အလုပ်ကိုပဲ အာရုံထည့်ထားတာ။ အခု ကိုရီးယားတွေလည်း အဲ့လိုပဲ။ အလုပ်အလုပ်အလုပ်ပဲ။ ကြည့်လိုက်ရင်လည်း ဘာတွေ ပူပန်နေမှန်းမသိဘူး။ ဘာတွေ စိုးရိမ်နေမှန် းမသိဘူး”
“ထွက်လာတဲ့အဖြေက အရမ်းတိကျကောင်းမွန်တာပေါ့။ ဒါက သူတို့ အလုပ်ကို အာရုံစိုက်တာတွေပေါ့။ ဒါတွေတော့ ကျနော်တို့တွေ အတုယူစရာ တွေ့ရတယ်။ ကျနော်တို့ဆီမှာလည်း လူတွေက အဲ့စိတ်ဓာတ် မရှိလို့ မဟုတ်ဘူး။ မပြည့်စုံတဲ့အခါ ရှိတာတွေနဲ့ ဖြစ်အောင် လုပ်နေရတဲ့ဘဝ ဖြစ်နေတာပေါ့။ ကျနော်တို့ ရုပ်ရှင်လောကလည်း တိုးတက်အောင်မြင်လာမှာပါ”လို့ ရန်အောင်က ပြောပါတယ်။
“တန်ဖိုး” ရုပ်ရှင်ကားကြီးရဲ့ ဒါရိုက်တာ ဂျွန်လရော် ရေးသား ရိုက်ကူးပြီး၊ Director of Photography အဖြစ် တောင်ကိုရီးယားနိုင်ငံသား Sungwook Min နဲ့ တွဲဖက် ဒါရိုက်တာအဖြစ် JIHYE SUNG တို့က ပူးပေါင်း ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာ သရုပ်ဆောင်များ အနေနဲ့ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်၊ မော်နီကာပန်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
You may also like these stories:
“တန်ဖိုး”ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အကြောင်း ပြောပြတဲ့ ထွန်းထွန်း
“နောက်ပိုင်းသင်္ကြန်သီချင်းတွေက ပါးစပ်မှာစွဲပြီး မကျန်တော့ဘူး”လို့ ရန်အောင်ပြော