တနှစ်လျှင် တကြိမ် ပြသနေကျဖြစ်တဲ့ “ဝဿန် ရုပ်ရှင်ပွဲတော်” ကိုတော့ ရန်ကုန်မြို့မှာ နေရာ ၃ နေရာခွဲကာ ၅ ရက်ကြာပြသသွားမယ်လို့ သိရပါတယ်။ “ဝဿန် ရုပ်ရှင်ပွဲတော်” ဖွင့်ပွဲကို စက်တင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝဇီရာရုပ်ရှင်ရုံမှာပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ ရုပ်ရှင်များနဲ့ နိုင်ငံတကာမှ ရုပ်ရှင်များ၊ ဇာတ်လမ်းတိုများ၊ မှတ်တမ်းရုပ်ရှင်များကို ဝဇီရာရုပ်ရှင်ရုံ ၊ Goethe Institut ၊ Japan Foundation တို့မှာ ပြသသွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
“ဝဿန် ရုပ်ရှင်ပွဲတော်ဟာ လူငယ်တွေအတွက် စမ်းသပ်ခန်းတခုပါပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ လွတ်လပ်စွာ ဖန်တီးထားတဲ့ လက်ရာတွေကိုပြသတဲ့ တခုတည်းသောနေရာလည်းဖြစ်ပါတယ်။ စမ်းသပ်မှုတွေရှိမှ ဖန်တီးမှုတွေ ဖြစ်ပေါ်လာမှာဖြစ်တယ်။ ဖန်တီးမှုတွေလုပ်ဖို့အတွက်ကို နေရာတွေက လိုအပ်တယ်။ ကျမတို့ ဝဿန် ရုပ်ရှင်ပွဲတော်ဟာ လူငယ်တွေ ၊ အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေကို ပြသတဲ့နေရာပါ” လို့ ရုပ်ရှင်ပွဲတော်ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်သူသူရှိန်က ပြောပါတယ်။
ယခုနှစ်ရုပ်ရှင်ပွဲတော်မှာတော့ မြန်မာနိုင်ငံမှ ရုပ်ရှင်ကားများနဲ့ နိုင်ငံတကာမှ ရုပ်ရှင်ကားများဖြစ်တဲ့ ဇာတ်လမ်းတို ရုပ်ရှင်များ၊ မှတ်တမ်းရုပ်ရှင်များ၊ Animation စတဲ့ ရုပ်ရှင်ကားပေါင်း ၉၀ ကျော်ကို ပြသသွားမှာ ဖြစ်ပါတယ်။
ရုပ်ရှင်ကားများအနေဖြင့် မြန်မာနိုင်ငံမှ ဇာတ်ကားတို (၁၃) ကား၊ အရှေ့တောင်အာရှ မှ (၄၃) ကား၊ နိုင်ငံတကာမှ (၂၁) ကားနှင့် ဇာတ်ကားရှည် (၄) ကားအပါအဝင် ဆွေးနွေးပွဲများလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။
“၉ နှစ်တာ ကာလအတွင်းမှာ ကျမတို့ရုပ်ရှင်ပွဲတော်ကို ရိုက်ကူးပေးပို့ကြတဲ့ ဒါရိုက်တာတွေ အားလုံးကို အများကြီး ကြိုဆိုတယ်။ နောက်ထပ်လည်း ယှဉ်ပြိုင်မှုတွေလုပ်ပေးဖို့ တောင်းဆိုပါတယ်” လို့ ရုပ်ရှင်ပွဲတော်ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါ်သူသူရှိန်က ပြောပါတယ်။
ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်းတို (၁၂) ကားမှာ ပြိုင်ပွဲဝင်အစီအစဉ်အတွင်း ပါဝင်ပြီး အကဲဖြတ် ဒိုင်များအဖြစ် ဂျာမနီနိုင်ငံမှ Dieter Wieczorek ၊ ဂျပန်နိုင်ငံမှ Keiko Sei နဲ့ မြန်မာနိုင်ငံမှ ဒေါက်တာအောင်မင်းတို့မှ အကဲဖြတ်ပေးကြမှာ ဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲဝင်ထားတဲ့ ရုပ်ရှင်များကို စက်တင်ဘာလ ၉ ရက်နေ့မှာပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်ပိတ်ပွဲမှာ ဆုချီးမြှင့်ပေးသွားမှာဖြစ်ပြီး ယခုနှစ်အတွက် ဆုများကတော့ “အကောင်းဆုံး ဇာတ်လမ်းတို ရုပ်ရှင်ဆု” ၊ “အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ဆု”၊ “အမြင်သစ်ဆု”၊ “Special Mention ဆု”၊ “ပရိသတ်အကြိုက်ဆုံးဆု” တို့ဖြစ်ပါတယ်။ ဆုရရှိသူများကတော့ တဆုလျှင် ငွေကျပ် ၅သိန်းစီ ရရှိမှာ ဖြစ်ပါတယ်။