ပရိသတ်တွေအတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲ ပြီးသွားရင် စိတ်ထဲမှာ နှမြောပြီး နောက်ထပ် ဇာတ်လမ်းတွဲ အပိုင်းအသစ်တွေကို ဆက်ကြည့်ဖို့ ဆန္ဒ ရှိကြပါတယ်။
ဒါကြောင့်လည်း လူကြည့် အများဆုံး ဇာတ်လမ်းတွဲတွေက တခုပြီးသွားရင် နောက်ထပ် Season 2 ဆက်ရိုက်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာတတ်ပါတယ်။ ဇာတ်ကားတိုင်း ဆက်မရိုက်တတ်ကြပေမယ့် အခု ဖော်ပြပေးမယ့် ဇာတ်လမ်းတွဲတွေကတော့ Season အသစ်တွေနဲ့ ပရိသတ်ဆီ ပြန်ရောက်လာဦးမှာပါ။
(၁) Signal
မင်းသား Lee Je Hoon ၊ Jo Jin Woong နဲ့ မင်းသမီး Kim Hye Soo တို့ အဓိက ပါဝင်ပြီး ကိုရီးယားနိုင်ငံ မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းတွေကို အခြေခံ ရိုက်ကူးထားတဲ့ Signal ဇာတ်လမ်းတွဲရဲ့ Season 2 ကို မကြာခင် ထုတ်လွှင့် ပြသတော့မှာပါ။ ၂၀၀၀ ပြည့်နှစ်က စုံထောက်နဲ့ ၂၀၁၅ ခုနှစ်က စုံထောက်နှစ်ဦးတို့ရဲ့ အချိန်ကွာဟချက်တွေကို ကျော်လွန်ပြီး လျှို့ဝှက်ဆန်းကြယ် Walkie Talkie ကတဆင့် ဆက်သွယ်မိရာကနေ အမှုမှန် ဖော်ထုတ်ကြတဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။
(၂) Kingdom
ကူးစက်ခံ Zombie ဖုတ်ကောင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးကြီး အကြောင်းကို ဂျိုဆောင် ခေတ်ကာလ အခြေခံ ရိုက်ကူးထားတဲ့ Kingdom ဇာတ်လမ်းတွဲဟာ အပိုင်း ၆ ပိုင်းပဲ ရှိပေမယ့် ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ မင်းသား Joo Ji Hoon နဲ့ မင်းသမီး Bae Doona တို့ ပါဝင်ထားပြီး Season 1 ပြီးတာနဲ့တပြိုင်နက် Season 2 ကို ဆက်လက် ရိုက်ကူးခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်ထဲ Season 2 ထုတ်လွှင့်ပြသဖို့ စီစဉ်ပြီးပါပြီ။
(၃) Forest of Secrets
“Stranger” လို့ လူသိများတဲ့ ဒီဇာတ်လမ်းတွဲဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတဲ့ လူသတ်မှုတွေကို ဖော်ထုတ်ခဲ့တဲ့ အမျိုးသမီး စုံထောက် တယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ Cable လိုင်းတွေထဲမှာ လူကြည့်နှုန်း အမြင့်ဆုံးဖြစ်ခဲ့သလို ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံး Baeksang Arts Awards ကိုပါ သိမ်းပိုက်နိုင်ခဲ့တာကြောင့်လည်း Season 2 ထွက်ရှိလာတာပါ။ မင်းသမီး Bae Doona နဲ့ မင်းသား Cho Seung Woo တို့ ပါဝင်ထားပြီး Season 5 လောက်ထိ ရိုက်ကူးဖို့ ဆန္ဒ ရှိနေကြပါတယ်။
(၄) Chief of Staff
နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲရဲ့ Season 2 ကို ၂၀၁၉ နိုဝင်ဘာလထဲမှာပဲ ထုတ်လွှင့် သွားမှာပါ။ နိုင်ငံရေးလောကဇာတ်ခုံမှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို ပုံဖော် ရိုက်ကူးထားလို့ ပရိသတ်တွေ နှစ်သက်ကြသလို တွေ့မြင်ရခဲတဲ့ မင်းသား Lee Jung Jae နဲ့ မင်းသမီး Shin Min Ah တို့ အတွဲကိုလည်း မြင်တွေ့ရမှာပါ။
(၅) Arthdal Chronicles
ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေနဲ့ ငွေကြေး အကုန်ကျခံ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ Season အသစ်လို့ ဆိုရမှာထက် အပိုင်း ၃ ပိုင်းရှိပြီး တပိုင်းကို ၆ ခန်း ရှိပါတယ်။ စက်တင်ဘာလ ၇ ရက်မှာတော့ နောက်ဆုံး ကျန်ရှိတဲ့ ၃ ပိုင်းမြောက်ကို ထုတ်လွှင့် ပြသတော့မှာပါ။ မင်းသား Jang Dong Gun ၊ Song Joong Ki ၊ မင်းသမီး Kim Ji Won နဲ့ Kim Ok Bin တို့ ပါဝင်ထားပါတယ်။
Ref. Soompi
You may also like these stories:
သြဂုတ်လအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့တဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများ
tvN ရုပ်သံလိုင်းကနေ “Forest of Secrets” ဒရာမာ Season 2 ထုတ်လွှင့်မယ်လို့ အတည်ပြု