Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှာ Top 10 ပြိုင်ပွဲဝင်တဦးဖြစ်ခဲ့တဲ့ ငွေဇင်လှိုင်းကတော့ လတ်တလော ကျင်းပနေတဲ့ Myanmar Idol Season 4 ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြိုင်ပွဲဝင်အသစ်များကို ဆိုရှယ်မီဒီယာ လျှော့သုံးကြဖို့ အကြံပေးခဲ့ပါတယ်။
“အရင်ဆုံးအနေနဲ့ ဆိုရှယ်မှာ တိုက်ခိုက်ခံရမယ်။ ဘယ်သူ့ကိုမဆို ဖြူဖြူ၊ ပိန်ပိန်ရှည်ရှည် လူတိုင်းကို တိုက်ခိုက်တယ်။ ဒါတွေကို စိတ်ထဲမှာ မထားပါနဲ့။ ဒါတွေကို လျစ်လျူရှုဖို့ဆိုရင် ပြိုင်ပွဲဝင်ထဲကို ရောက်သွားပြီဆိုရင် ဆိုရှယ်မီဒီယာ သုံးတာတွေကို လျှော့ကြပါ။ စိတ်ထိခိုက်ကြတာချင်း မတူကြဘူး။ ကိုယ်ခံစားရသလိုမျိုး မခံစားစေချင်ဘူး။ ကိုယ်ရောက်တဲ့ အတိုင်းအတာတခုအထိ ကိုယ့်အောင်မြင်မှုကို ဘယ်သူမှ မလုယူနိုင်ဘူး”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
ပြိုင်ပွဲမှ အိမ်ပြန်ရသည်ဖြစ်စေ၊ ကျန်နေခဲ့သည်ဖြစ်စေ ကိုယ့်စိတ်ကို အကောင်းဆုံး ပြင်ဆင်ပြီး ပြိုင်ပွဲပြီးမှသာလျှင် ခက်ခဲမှာဖြစ်တာကြောင့် ပြိုင်ပွဲဝင်မယ့် အချိန်များကို အကောင်းဆုံး ဖြတ်သန်းပါလို့ ပြောပါတယ်။
“အတိုင်းအတာတခုအထိ အိမ်ပြန်ခဲ့ရသည်ရှိသော်၊ ကျန်နေခဲ့သည်ရှိသော် Level တခုရောက်တိုင်း ကိုယ့်ကိုယ်ကိုယ်အမြဲ Update လုပ်နေပါ။ ကိုယ့်ရဲ့စိတ်ကို အကောင်းဆုံး ပြင်ဆင်ထားပါ။ ဘယ်အဆင့်ပဲရောက်ရောက် အကောင်းဆုံးချပြမယ်ဆိုတဲ့ စိတ်ကိုထားပြီး ပရိသတ်တွေအတွက် ပေးဆပ်ပြီးတော့သွားပါ”
“ငွေစင်လည်း Winner မဟုတ်ခဲ့ပါဘူး။ အားလုံးကို အဲ့လို အားပေးချင်ပါတယ်။ ဒီဆိုရှယ်မီဒီယာကြီးကို အသုံးပြုပြီးနေရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နောက်ထပ် ခက်ခဲလာမယ့် လမ်းက ပြိုင်ပွဲပြီးမှ ခက်ခဲတာဖြစ်တဲ့အတွက် အကောင်းဆုံး ဖြတ်သန်းပါ”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
Myanmar Idol ပြိုင်ပွဲဝင်ခဲ့စဉ်က အတိုင်းအတာ တခုအထိသာ ရောက်ရှိခဲ့ပေမယ့် တကယ့် လက်တွေ့အပြင်လောကဟာ ပြိုင်ပွဲဝင်စဉ်ကထက် အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲ စတင်တဲ့အခါမှာလည်း သွားရောက် အားပေးမယ့် အကြောင်းကို “သွားအားပေးရမှာပေါ့။ ကိုယ့်ညီအစ်ကို မောင်နှမတွေ စင်ပေါ်မှာဆိုနေတာကို ကြည့်ရတာ တချိန်တုန်းက ကိုယ်တွေတုန်းကလည်း ဒီလိုပဲ ဖျော်ဖြေခဲ့ရတာပါလားဆိုပြီး ပျော်တယ်။ ကိုယ်ဖျော်ဖြေခဲ့သလိုပဲ ခံစားရတယ်”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
သူကိုယ်တိုင်လည်း ဂီတနဲ့ ပတ်သက်ပြီး အားတဲ့အချိန်တွေမှာ မသိတဲ့ အပိုင်းများကိုလေ့လာဖြစ်သလို ကျန်းမာရေး လေ့ကျင့်ခန်းတွေလည်း လုပ်ဖြစ်တယ်လို့ သိရပါတယ်။
“ဂီတနဲ့ ပတ်သက်ပြီးတော့ အားနေတဲ့အချိန်မှာ အရင်က ဆိုခဲ့တဲ့ သီချင်းပုံစံတွေကို လေ့လာဖြစ်တယ်။ ဂီတလိုင်းမှာက တလိုင်းတည်း သွားနေလို့ မရဘူးလေ။ ကိုယ်မသိတာတွေ လေ့လာ၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေလုပ်၊ သီချင်းလေးတွေ လိုက်စု၊ စုထားတဲ့ သီချင်းတွေထဲကမှ ကိုယ်နဲ့ လိုက်မယ့် သီချင်းတွေ ရပြီဆိုရင် အခွေအတွက် လုပ်ပေါ့”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
ဒီလ အတွင်းမှာလည်း Single သီချင်းတပုဒ် အသစ်ထွက်ဖို့ရှိပြီး EDM သီချင်းဖြစ်တယ်လို့ သိရပါတယ်။
“ဒီလထဲမှာပဲ ဒုတိယ Single Song တပုဒ် ထပ်ထွက်မယ်။ EDM သီချင်းအမြူးလေးပါ။ ပြီးရင်တော့ Mini Album လုပ်မယ်။ ပွင့်လင်းရာသီ ရောက်တော့မယ်ဆိုတော့ သီချင်းတွေ ဆိုရတော့မယ်။ အခွေလုပ်ဖို့ဆိုရင် ပိုက်ဆံစုရမယ်။ ပိုက်ဆံစုလိုက်၊ အခွေလုပ်လိုက်ပေါ့”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင် အဆိုတော် ငွေဇင်လှိုင်းကတော့ သီချင်းတွေဆိုရင်း ပိုက်ဆံစုကာ တကိုယ်တော် အခွေထွက်နိုင်အောင် ကြိုးစားနေတဲ့သူ တယောက် ဖြစ်ပါတယ်။