ကမ္ဘာကျော် ဗီလိန် ဇာတ်ရုပ်တခုအကြောင်း အခြေခံ ရိုက်ကူးထားတဲ့ “Joker” ဒရာမာ ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ရွှေခြင်္သေ့ဆုကို ရရှိခဲ့ပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပြင်သစ် Dreyfus အရေးအခင်းအကြောင်း ရိုက်ကူးထားတဲ့ ဒါရိုက်တာ Roman Polanski ရဲ့ စစ်ရေး ဒရာမာကတော့ Runner-up ဆုကို ရရှိခဲ့ပါတယ်။
ပွဲတော်မှာ အကောင်းမြင် မှတ်ချက်တွေ ရရှိခဲ့တဲ့ မင်းသား Joaquin Phoenix ကတော့ DC Comics စူပါဟီးရိုးဖြစ်တဲ့ လင်းနို့လူသားရဲ့ ဗီလိန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဗီလိန်တယောက်အနေနဲ့ အထီးကျန်မှုတွေကို ဖြတ်ကျော်ခဲ့ရတဲ့ အကြောင်းတွေကို ပုံဖော်ထားပါတယ်။
“Joker” ရုပ်ရှင်ဟာ အလင်းအမှောင် ချိန်ညှိယူဆချက်တွေနဲ့အတူ ဂီတသံစဉ်တွေနဲ့ ပေါင်းစပ်ထားပြီး တခြားသမားရိုးကျ စူပါဟီးရိုးရုပ်ရှင်တွေကနေ ခွဲထွက်ထားတဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။
ဒါရိုက်တာ Todd Phillips က “ဒီလိုရုပ်ရှင်နဲ့ ကျနော့်အပေါ်မှာ ယုံကြည်ကိုးစားပြီး စိတ်သက်သောင့်သက်သာ ဖြစ်စေခဲ့တဲ့အတွက် Warner Bros နဲ့ DC ကို ကျေးဇူးတင်ချင်ပါတယ်”လို့ ပြောပါတယ်။ ပြီးတော့ ထူးခြားပြောင်မြောက်လွန်းတဲ့ အရည်အချင်းနဲ့အတူ သူ့ကို ယုံကြည်ပေးလို့ မင်းသား Phoenix ကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
သူက “Joaquin Phoenix ဆိုတာ မရှိရင် ရုပ်ရှင်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ Joaquin ဟာ ကျနော်သိတဲ့ ခြင်္သေ့တွေထဲမှာ အရက်စက်ဆုံး၊ သတ္တိအရှိဆုံး၊ စိတ်အပွင့်လင်းဆုံးဖြစ်ပါတယ်”လို့လည်း ဆိုပါတယ်။ ပြီးတော့ အဲ့ဒီရုပ်ရှင်ဟာ ဗင်းနစ်ပွဲတော် မတိုင်ခင်ကတည်းက တော်တော်လေးကို လူပြောသူပြောများခဲ့ပါတယ်။
“Roma” နဲ့ “Birdman” ရုပ်ရှင်တွေလိုမျိုး အော်စကာဆုရရုပ်ရှင် တွေကို ပွဲဦးထွက်ပြသခဲ့တဲ့ ပွဲတော်တွေမှာ ပြသဖို့လည်း စီစဉ်ထားပါတယ်။ ဒါရိုက်တာ Polanski ရဲ့ “An Officer and a Spy” ကတော့ ငွေခြင်္သေ့အထူးဂျူရီဆုကို ရရှိခဲ့ပါတယ်။
#MeToo လှုပ်ရှားမှုနဲ့အတူ အခုယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင် ရုပ်ရှင် ၂၁ ကားမှာ အမျိုးသမီး ဒါရိုက်တာ နှစ်ဦး ပါဝင်ပြီး၊ ရုပ်ရှင်ပွဲစီစဉ်သူတွေကတော့ ဒါရိုက်တာ Polanski ရဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ဝန်ခံထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေတာကြောင့် သူ့ရဲ့ ရုပ်ရှင်ကို ယှဉ်ပြိုင်ခွင့်ပြုခဲ့တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Ref. Reuters
You may also like these stories:
ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ မင်းသမီး ဂေါင်းလီရဲ့ ရုပ်ရှင်အသစ် “Saturday Fiction”
ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ၈ မိနစ်ကြာ မတ်တပ်ရပ်ပြီး အားပေးခံခဲ့ရတဲ့ Joker ရုပ်ရှင်