အဆိုတော် Sam Smith ဟာ “GQ Men of the Year” ပွဲကို ပထမဆုံးအကြိမ်အနေနဲ့ ဒေါက်မြင့်ဖိနပ် ဝတ်ဆင်ပြီး တက်ရောက်လာခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အဆိုတော် Sam Smith ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က လန်ဒန်မြို့မှာရှိတဲ့ Tate Modern မှာ ပြုလုပ်ခဲ့တဲ့ နှစ်စဉ်ကျင်းပနေကျ ဆုပေးပွဲကို ဒေါက်မြင့် ဘွတ်ဖိနပ်ကို ဝတ်ဆင်ပြီးတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အခုလို ဒေါက်မြင့်ဖိနပ် ဝတ်လို့ ဝေဖန်ခံရမှာကို မမှုဘဲ အခုလိုမျိုး ဝတ်ဆင်နိုင်တာကြောင့် တော်တော်လေး စိတ်ချမ်းသာနေပါတယ်လို့ ဆိုပါတယ်။
Instagram မှာ သူက “ဒီနေ့ည ပထမဆုံးအကြိမ် ဆုပေးပွဲတခုမှာ ဒေါက်မြင့်ဖိနပ်ကို ဝတ်ခဲ့တယ်။ ကျက်သရေရှိတဲ့ ညနေခင်းမှာ အိမ်ကို ပြန်ခဲ့တယ်။ ပြီးတော့ အိမ်ရှေ့တံခါးကို လမ်းလျှောက်လာပြီး ရပ်လိုက်တယ်။ တံခါးကနေ ပြန်ကန်ထွက်လာတဲ့ ဖိနပ်သံလေးကို နားထောင်နေမိတယ်” လို့ ဒေါက်မြင့် ဘွတ်ဖိနပ်ဝတ်ဆင်ထားတဲ့ သူ့ရဲ့ဓာတ်ပုံမှာ ပို့စ်တင် ရေးသားထားပါတယ်။
သူက “အဆင်ပြေပါ့မလား ထင်ခဲ့မိတယ်။ အခုလိုမျိုး အနုပညာလုပ်ငန်းရှေ့မှောက်မှာနဲ့ လူတိုင်းတဲ့ရှေ့မှာ ဒီလိုမျိုး ဘယ်တော့မှ ဝတ်ဆင်နိုင်လိမ့်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ တော်တော်လေး စိတ်ချမ်းသာတယ်။ အားလုံးကို ဒါလေးဝေမျှချင်တယ်။ ပြီးတော့ ကျနော့်ရဲ့ GORJ Gucci ဒေါက်မြင့်ဖိနပ်ပုံလေးကိုလည်း မျှဝေချင်ပါတယ်” လို့လည်း ရေးသားခဲ့ပါတယ်။
သူဟာ အခုလိုမျိုး ဆုပေးပွဲတခုမှာ ပထမဆုံးအကြိမ်နဲ့ ဒေါက်မြင့်ဖိနပ်ကို စီးပြီး ပွဲတက်ခဲ့တာဖြစ်ပေမယ့်နေ့စဉ် ဘဝမှာတော့ အခုလိုမျိုး ဒေါက်မြင့်စီးတာနဲ့ သူဟာ စိမ်းတဲ့သူတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ဇွန်လမှာ သူဟာ အမျိုးသားတွေအတွက် ဒေါက်မြင့်ဖိနပ်တွေ အထူးထုတ်ပေးတဲ့ SYRO တံဆိပ်ဖိနပ်ကို စီးထားတဲ့ ဓာတ်ပုံတပုံကိုလည်း Instagram မှာ တင်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံမှာ သူက “ကျနော်ဟာ အမြဲတမ်း ဈေးဆိုင်တွေအထိ စီးနိုင်မယ့် ဒေါက်မြင့်ဖိနပ်ကို ရှာချင်ခဲ့တာပါ။ အခုတော့ အိပ်မက်အမှန်တကယ်ဖြစ်လာခဲ့ပါပြီ” လို့ရေးသားခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
ဖိနပ်ကြော်ငြာမှာ ညှို့အားပြင်းအလှကို ဖော်ပြခဲ့တဲ့ မင်းသမီး ဆောင်းဟေဂို
Met Gala ပွဲမှာ တလွှာချင်းချွတ်ပြီး ခန္ဓာကိုယ်အလှကို လှစ်ဟပြလိုက်တဲ့ လေဒီဂါဂါ
ကမ္ဘာတဝှမ်းက ထူးထူးဆန်းဆန်း ဖက်ရှင်များ