လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူအများ စိတ်ဝင်စားခဲ့ကြတဲ့ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရသူ “မြမြ” ဆိုတဲ့ မိန်းကလေးအကြောင်း ရုပ်ရှင်အဖြစ် ဒါရိုက်တာ ညိုမင်းလွင် ပုံဖော် ရိုက်ကူးမယ့် ဇာတ်ကားမှာ မြမြအဖြစ် ပါဝင် သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က မီဒီယာများကို အခုလိုပဲ ပြောပါတယ်။
“ကိုညိုက မြမြကို ရုပ်ရှင် ရိုက်မယ်လို့ ကြေငြာပြီးကတည်းက သင်ဇာကို ဖုန်းဆက်လာတာပေါ့။ မြမြ ကာရိုက်တာ ရိုက်မယ်လို့ ပြောချိန်မှာ သင်ဇာ့ကိုပဲ ပြေးမြင်တယ်၊ သင်ဇာနဲ့ပဲ ရိုက်ချင်တယ် ပြောတယ်။ ကိုယ်တိုင်ကလည်း ဇာတ်လမ်းကို စိတ်ဝင်စားတယ်။ အခုရိုက်မယ့် အကြောင်းက မြမြအကြောင်းလည်း ပါတယ်။ ကိုညို ကိုယ်တိုင်စဉ်းစားထားတဲ့ စိတ်ကူးထားတဲ့ ဇာတ်လမ်းလေးနဲ့ ပေါင်းပြီးရိုက်မှာ”
“သင်ဇာကိုယ်တိုင်လည်း ဇာတ်ဖတ်ချိန်မှာ အရမ်းကို မိုက်တယ်။ ထင်မထားတဲ့ ဇာတ်မျိုးဖြစ်နေတာကြောင့် အရမ်းကိုကြိုက်ပြီး လက်ခံဖြစ်တာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
ဇာတ်ကားထဲမှာ သရုပ်ဆောင် အသစ်များနဲ့ တွဲဖက် သရုပ်ဆောင်ရမယ့်အပေါ် သင်ဇာဝင့်ကျော်က အသစ်တွေကို လက်တွဲခေါ်သွားမယ်လို့ ဆိုပါတယ်။
“အသစ်တယောက်အနေနဲ့ ကြိုးစားမယ်ဆိုရင် တကယ်တမ်း စိတ်ဝင်စားဖို့ လိုတယ်။ ပြီးရင် ကြိုးစားဖို့လည်း လိုတယ်။ ဒါရိုက်တာ အမိန့်ကို တသွေမတိမ်း လိုက်နာဖို့လည်းလိုတယ်။ တချို့က အထွန့် တက်ရင် အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ကိုယ်တိုင်လည်း သရုပ်ဆောင်ရတဲ့ အချိန်မှာ အဆင်မပြေဘူး။ ဘယ်လို အခက်အခဲမျိုးပဲရှိရှိ ကြိုးစားချင်စိတ်လေးရှိရင် အဆင်ပြေမှာပါ”
“ကိုယ်တိုင်ကလည်း အသစ်ကနေ တက်လာတော့ ကိုယ်လည်းရှိန်တာတော့ ဖြစ်ဖူးတယ်။ ကိုယ့်ကို တွဲခေါ်တဲ့ သူတွေနဲ့ပဲ တွေ့ခဲ့ရတယ်။ အဲ့အတွက် စိတ်မပူဘဲ သင်ဇာနဲ့ ဆုံတဲ့ အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် ညှိယူပြီး လုပ်တယ်။ အသစ်ဆိုလည်း တွဲခေါ်တယ်။ ကြိုးစားချင်စိတ်ရှိဖို့ပဲ လိုတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
ဆက်လက်ပြီး “ဒီကားလေး ကောင်းဖို့အတွက် အားလုံး ကြိုးစားကြမှာပါ။ သင်ဇာတို့ အနုပညာလောကကို ဝင်ချင်တဲ့စိတ် ရှိကြတဲ့အတွက်လည်း ဝမ်းသာပါတယ်။ လာမယ့် အသစ်သစ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ပင်လယ်ရေဆိုတာ သောက်လို့ မကုန်ပါဘူး”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။
ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ “မြ” ရုပ်ရှင်အတွက် မြမြနေရာမှာ သင်ဇာဝင့်ကျော်က ပါဝင် သရုပ်ဆောင် သွားမှာ ဖြစ်သလို မုဒိမ်းသမား နေရာက သရုပ်ဆောင်မယ့် သရုပ်ဆောင်အသစ်များကို ရွေးချယ်တဲ့ ပွဲကိုလည်း စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့၊ မျှော်စင်ကျွန်းရှိ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းရဲ့ ဇာတ်သဘင်ရုံ အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
You may also like these stories:
“မြ” ရုပ်ရှင်နဲ့ ပတ်သက်ပြီး မုဒိမ်းသမားနေရာ လျှောက်ထားသူ ရာကျော်နေပြီလို့ ညိုမင်းလွင် ပြော
မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့ “မြမြ”အကြောင်း ရိုက်ကူးမယ့် ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံခြင်း
“မြ” ရုပ်ရှင်နဲ့ ပတ်သက်ပြီး မုဒိမ်းသမားနေရာ လျှောက်ထားသူ ရာကျော်နေပြီလို့ ညိုမင်းလွင် ပြော