ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက မြောက်အမေရိက ရုပ်ရှင်ရုံတွေမှာ “IT Chapter Two” ရုပ်ရှင်ကို ရုံတင်ခဲ့ပြီး ပရိသတ်တော်တော်များများ လာရောက် ကြည့်ရှုအားပေးခဲ့ကြပေမယ့် ပထမ ရုပ်ရှင်လောက် ရုံဝင်ငွေ သိပ်မကောင်းခဲ့တာကို တွေ့ရပါတယ်။
Warner Bros. ကတော့ အဲ့ဒီရုပ်ရှင်ဟာ ပထမဆုံးသီတင်းပတ်ကုန်ပိုင်း ပြသမှုမှာပဲ မြောက်အမေရိကဝင်ငွေစာရင်းမှာ ဒေါ်လာ ၉၁ သန်းရခဲ့ပြီလို့ စက်တင်ဘာလ ၈ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတုန်းက စံချိန်တင်ဝင်ငွေ ဒေါ်လာ ၁၂၃ ဒဿမ ၄ သန်းရရှိခဲ့ပြီး အောင်ပွဲခံခဲ့တဲ့ ပထမဆုံး ရုပ်ရှင်လောက်တော့ ဝင်ငွေ မရခဲ့ပေမယ့် စက်တင်ဘာလထဲ ရုံတင်ခဲ့တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်တွေထဲမှာတော့ အဖွင့်ဝင်ငွေ ဒုတိယ အများဆုံး ဖြစ်ခဲ့ပါတယ်။ ပထမရုပ်ရှင် “It” နဲ့ အခု ဒုတိယရုပ်ရှင်ကို အာဂျင်တီးနားဒါရိုက်တာ Andy Muschietti က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ကမ္ဘာကျော် သည်းထိတ်ရင်ဖို ဝတ္ထုစာရေးဆရာကြီး Stephen King ရဲ့ဝတ္ထုကို အခြေခံထားတဲ့ “IT Chapter Two” ရုပ်ရှင်မှာ မကောင်းဆိုးရွားဖြစ်နေရတဲ့ လူပျက်ကြီး Pennywise ကို ပထမ ရုပ်ရှင်တုန်းက အချိန်ကာလ နောက်ပိုင်း ၂၇ နှစ်ကြာပြီးတဲ့နောက် Losers Club အဖွဲ့ဝင်တွေ ဘယ်လိုနှိမ်နှင်းကြမယ်ဆိုတာကို မြင်တွေ့ရမှာပါ။
သရုပ်ဆောင်တွေအဖြစ် James McAvoy ၊ Jessica Chastain နဲ့ Bill Hader တို့ ဦးဆောင်ပါဝင်ထားကြပါတယ်။ အခုနောက်ဆက်တွဲ ရုပ်ရှင်အတွက် ရိုက်ကူး ကုန်ကျစရိတ်က ဒေါ်လာ ၇၉ ဒဿမ ၅ သန်းဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်ရေး မှတ်ချက်တွေမှာတော့ အကောင်းအဆိုး နှစ်မျိုးရောထွေးနေတဲ့ မှတ်ချက်တွေကို ရရှိထားပါတယ်။
“IT Chapter Two” ရုပ်ရှင်ကတော့ အခုနွေရာသီကာလမှာ “The Kitchen” နဲ့ “Shaft” ရုပ်ရှင်တွေကြောင့် မျက်နှာပန်းမလှဖြစ်ခဲ့ရတဲ့ Warner Bros အတွက် အောင်မြင်မှုတခုဖြစ်ပေမယ့် လာမယ့် အောက်တိုဘာ ၄ ရက်နေ့မှာ ရုံတင်မယ့် “Joker” ရုပ်ရှင်နဲ့ စာရေးဆရာကြီး King ရဲ့ ဝတ္ထုကိုပဲ အခြေခံထားတဲ့ “Doctor Sleep” ရုပ်ရှင်တွေ ကျန်ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ ရုံဝင်ငွေအကောင်းဆုံး ထိပ်တန်းရုပ်ရှင် ၁၀ ကားစာရင်းမှာတော့ “Angel Has Fallen” က ဒေါ်လာ ၆ သန်းနဲ့ ဒုတိယ၊ “Good Boys” က ဒေါ်လာ ၅ ဒဿမ ၄ သန်းနဲ့ တတိယနေရမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကာလ တလျှောက်လုံးမှာရော အခုနှစ် တနှစ်တာလုံးမှာရော ရုပ်ရှင်ရုံတွေအပေါ် ပျှမ်းမျှ လူဝင်နှုန်း ၆ ရာခိုင်နှုန်းလောက် ကျဆင်းနေတယ်လို့ဆိုပါတယ်။ အခုဒုတိယမြောက် “It” ရုပ်ရှင်ကတော့ ဆောင်းဦးရာသီ ရုပ်ရှင်ဈေးကွက်ကို အလားအလာကောင်းနဲ့ စတင်လိုက်တာ ဖြစ်ပါတယ်။
Ref. Reuters