Entertainment

“မွေးနေ့မှာ ပရိသတ်ရဲ့ Surprise နဲ့ ဖြတ်သန်းတာ နှစ် ၂၀ ကျော်ခဲ့ပြီ”လို့ နေတိုး ပြော

Want create site? Find Free WordPress Themes and plugins.

ပရိသတ်ရဲ့ချစ်ခင်အားပေးမှုနဲ့ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်တဲ့ အကယ်ဒမီ နေတိုးရဲ့ မွေးနေ့က ဒီနေ့၊ စက်တင်ဘာလ ၉ ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့အတွက် မနေ့က စက်တင်ဘာလ ၈ ရက်နေ့မှာပြုလုပ်တဲ့ “ရူးအောင် ချစ်မယ့်လူ” ရုပ်ရှင်ကားကြီး Red Carpet Show မှာ သူ့ရဲ့ ပရိသတ်များက မွေးနေ့အကြို Surprise ပြုလုပ်ပေးခဲ့ကြပါတယ်။

ဒီလိုမျိုး ပရိသတ်ရဲ့ Surprise နဲ့မွေးနေ့ဖြတ်သန်းတာ ဘယ်လောက်ကြာပြီလဲဆိုတာကိုလည်း နေတိုးက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“ကြာပြီပေါ့။ ကျနော် အနုပညာလောကထဲရောက်တာ နှစ် ၂၀ ကျော်ပြီဆိုတော့ ကျနော် အနုပညာလောကထဲဝင်ပြီး ပရိသတ် သတိထားမိတဲ့ အချိန်ကစပြီး ပရိသတ်ရဲ့ Surprise လုပ်တာတွေနဲ့ အမြဲတမ်း အမှတ်တရဖြစ်ခဲ့တယ်ဆိုတော့ နှစ် ၂၀ကျော်လောက်ရှိပါပြီ”လို့ နေတိုးကပြောပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့မှာတော့ အသက် ၃၈ နှစ်ပြည့်သွားတဲ့ နေတိုးက မွေးနေ့ မနက်မှာလည်း သူနဲ့ အတူ We Love Nay Toe အဖွဲ့မှ ကိုလူချောအဖွဲ့ကို ရုပ်ရှင်အစည်းအရုံးမှာ ငွေကျပ် သိန်း ၂၀၊ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာနဲ့ အဝတ်အထည်များ လှူဒါန်းခဲ့ပါတယ်။

“ကိုလူချောအဖွဲ့ကို လှူဒါန်းမှုတွေ We Love အဖွဲ့တွေရဲ့လှူဒါန်းမှုတွေနဲ့ ပရိသတ်နဲ့ ကျနော် အလှူတွေ လုပ်ဖို့ ရှိပါတယ်။ ကိုလူချောအဖွဲ့ကိုက မွေးနေ့မှာလှူတာ ပထမဆုံးပါ”လို့ နေတိုးကပြောပါတယ်။

မွေးနေ့မှာတော့ ထူးခြားတဲ့ အစီအစဉ် မရှိဘဲ မွေးနေ့ပွဲလည်း သိပ်မလုပ်ဖြစ်တာကြောင့် ရှုတင်မှာပဲ ဖြတ်သန်း ဖြစ်မယ်လို့ သိရပါတယ်။

“ထွေထွေထူးထူး အမှတ်တရတော့ မရှိဘူး။ ကျနော်က မွေးနေ့ပွဲတွေ၊ ဘာတွေ လုပ်တာလည်း သိပ်မလုပ်ဖြစ်ဘူး။ ဒီလိုပဲ ရှုတင်မှာပဲ ဖြတ်သန်းရတာ များပါတယ်။ ဒီနှစ်လည်း ရှုတင် ရှိနေပါတယ်”လို့ နေတိုးက ပြောပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ပေးခဲ့တဲ့ နေတိုးရဲ့မွေးနေ့ Surprise မှာတော့ အိန္ဒြာကျော်ဇင်က “လူပျိုကြီးဘဝက မြန်မြန်ကျွတ်ပါစေ”ဆိုပြီးတော့လည်း ဆုတောင်းပေးခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြန်လည်ပြောခဲ့ပါတယ်။

“ဒါကောင်းသော ဆုတောင်းခြင်းပေါ့။ မင်္ဂလာရှိတဲ့ ဆုတောင်းခြင်း ဖြစ်တဲ့အခါကျတော့ ကျနော့်အနေနဲ့ ပြည့်ချင်တာပေါ့”လို့ ပြောပါတယ်။

မကြာခင်မှာလည်း အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့နဲ့ တွဲဖက် သရုပ်ဆောင်ထားတဲ့ “ရူးအောင် ချစ်မယ့်လူ” ရုပ်ရှင် ဇာတ်ကားကြီးလည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

“ရူးအောင်ချစ်မယ့်လူက အချစ်ကား ဖြစ်တဲ့အခါကျတော့ အချစ်ကို ဖွဲ့နွဲ့တဲ့အချိန်မှာ သီချင်းလေးတွေနဲ့ ချစ်သူကို ချစ်ပြတာတွေ ကိုယ့်ချစ်သူရဲ့ဓာတ်ပုံလေးတွေကို ပန်းချီပြန်ရေးတဲ့ ဇာတ်ဝင်ခန်းလေးတွေ ပါပါတယ်။ အဲ့လိုမျိူးဖန်တီးရတဲ့ ဇာတ်ဝင်ခန်းတွေမှာ ပန်းချီရေးတာတို့၊ သီချင်းရေးတာတို့ လုပ်ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိုးစားပြီး ပန်းချီတွေ ရေးထားတယ်”

“သီချင်းတွေ ဆိုထားတယ်။ ကိုယ်တိုင်လည်း ဝါသနာပါတယ်။ ဒီကားအတွက် လိုအပ်ချက်ကိုပံ့ပိုးပေးနိုင်တယ်ဆိုတော့ လုပ်ပေးဖြစ်တာပါ”လို့ နေတိုးက ပြောပါတယ်။

“ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ကားမှာတော့ နေတိုးက သူ့ရဲ့ဖန်တီးမှုအနုပညာများဖြစ်တဲ့ သရုပ်ဆောင်တာအပြင် ပန်းချီဆွဲခြင်းနဲ့ ကိုယ်တိုင်လည်း သီချင်းသီဆိုထားပါတယ်။ ဒီဇာတ်ကားမှာ နေတိုး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့ ပါဝင် သရုပ်ဆောင်ထားပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင် ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories: 

“တာတူး” ရုပ်ရှင်မှာ လုလုအောင်နဲ့ မအေးသောင်းပုံစံ အတုယူထားတဲ့ နေတိုး

သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးရုပ်ရှင်တွေ ရိုက်ကူးထားတဲ့ နေတိုး

မိန်းကလေးပုံစံဝတ်ပြီး သရုပ်ဆောင်ရတဲ့အပေါ် ခံစားချက်ပြောပြတဲ့ နေတိုး

“ပရိသတ် အားပေးမှုနဲ့ သရုပ်ဆောင်ကြေး တိုက်ရိုက် အချိုးကျနေပါတယ်”လို့ နေတိုး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading