၁၉၈၀ နှောင်းပိုင်းနှစ်များမှာ “၈/၈၂ အင်းလျား”၊ “မိုးလုံးမှိုင်း”၊ “စိဉ္ဇမာဏဉာဏ်”၊ “လွမ်းရတဲ့ညတွေ လွန်ပါစေ” တေးစီးရီးများဖြင့် အောင်မြင်ကျော်ကြားခဲ့တဲ့ တေးရေး၊ တေးဆို မွန်းအောင်ကို သူရဲ့ ၄ ကြိမ်မြောက် တကိုယ်တော်ဖျော်ဖြေပွဲ “ရေဆန်၌ ရွက်လွှင့်ခြင်း” ကျင်းပဖြစ်ပုံနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက အခုလိုပဲ တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ “ရေဆန်၌ ရွက်လွှင့်ခြင်း” နာမည်နဲ့ တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပဖြစ်ပုံကို ပြောပြပေးပါဦး။
ဖြေ ။ ။ ကျနော့် မိတ်ဆွေတွေက စီစဉ်ပေးတဲ့အတွက် ဒီပွဲလေးလုပ်ဖြစ်တာပါ။ ကျနော် ကျေးဇူးတင်ပါတယ်။ “ရေဆန်၌ ရွက်လွှင့်ခြင်း” တကိုယ်တော် ဖျော်ဖြေပွဲကို စက်တင်ဘာလ ၁၄ ရက်မှာ ကျင်းပသွားမှာပါ။ နာမည်လေး ပေးဖြစ်တာက သုညကနေ ပြန်စရတယ်။ မြန်မာနိုင်ငံမှာက ဝင်ငွေနဲ့ထွက်ငွေ မမျှတဘူး။ အခက်အခဲတွေ ကြုံရတော့ ရေဆန်ကို သွားရတယ်၊ စုန်ရတယ် ဆိုတာ မရှိသေးဘူး။ ဒါပေမဲ့လည်း ရွက်ကို လွှင့်ထားတုန်းပဲဆိုတဲ့ သဘောပါ။
ဖျော်ဖြေပွဲမှာ သီချင်း ၂၅ ပုဒ်ခန့် ဖျော်ဖြေသွားမှာပါ။ စီစဉ်ထားတာက “၈၂ အင်းလျား”တို့၊ “မိုးလုံးမှိုင်း”တို့၊ “ယု”တို့၊ “အရေးကြီးပြီ”တို့လို မဆိုမဖြစ်သီချင်းတွေကတော့ ဘယ်လိုပဲပြောပြော ပွဲတိုင်းမှာလည်း ဆိုခဲ့ရတယ်။ ပရိသတ်ကလည်း ဆိုခိုင်းတယ်။ ကျနော် ပြန်လာပြီး ပွဲတွေမှာ တခါမှ မဆိုဖြစ်သေးတဲ့ သီချင်းတွေ ပြန်ဆိုဖို့ ရှိတယ်။
မေး ။ ။ သီချင်းမူပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ လုပ်ဖို့ရှိလဲ။
ဖြေ ။ ။ ကျနော့် သီချင်းတွေကို ယူဆိုလို့ ရပါတယ်။ မူပိုင်ခွင့်ကတော့ သီချင်းရေးတဲ့သူနဲ့ပဲ ဆိုင်ပါတယ်။ ကျနော့် သီချင်းတွေကို လူငယ်တွေ ယူဆိုမယ်ဆိုရင် ကန့်ကွက်စရာ မရှိဘူး။ ဆိုချင်လည်း ဆိုပေါ့။ သီချင်းတွေ ဖန်တီးခဲ့တုန်းကလည်း ဝါသနာအလျောက် ကိုယ်ကြိုက်တာလေး ကိုယ်လုပ်ခဲ့တာပါပဲ။ ဒါကြီးကို စီးပွားဖြစ်လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ငွေရေးကြေးရေး သိပ်ဂရုမစိုက်ဘူး။ ချမ်းသာလို့လားဆိုတော့လည်း မဟုတ်ပါဘူး။
မူအရ၊ စည်းကမ်းအရ ပြောရင်တော့ သီချင်းတွေမှာ မူပိုင်ခွင့်ဆိုတာ ရှိတယ်။ သူများသီချင်းတော့ ကျနော် မသိဘူး။ ကျနော့် သီချင်းတွေကို ယူဆိုလို့ ရတယ်။ ဒါပေမဲ့ ကျနော့် သီချင်းကိုတော့ အကောင်ဆုံး ဆိုပါပေါ့။ ကျနော့် အသိ တယောက်က ကျနော့် သီချင်းကို မျိုးဆက်သစ်တွေက ယူဆိုလို့ လာပြောဖူးတယ်။ ကျနော်သူ့ကိုပြောလိုက်တယ်၊ ကျနော့် သီချင်းတွေကို ဆိုလို့ ရတယ်၊ အချစ်ကိုတော့ မဝေမျှနိုင်ဘူးလို့။
မေး ။ ။ အဆိုတော် မွန်းအောင်ကို လူငယ်တချို့ မသိကြတော့ကကော။
ဖြေ ။ ။ ကျနော့် သီချင်းတွေကို သိကြပေမယ့် မူရင်းဆိုတဲ့သူကို မသိတာတော့ ကျနော် မအံ့သြပါဘူး။ ကျနော် ကိုယ်တိုင်ကလည်း ဒီမှာမှ မရှိတာ။ နာမည်နဲ့တွဲပြီး ဘယ်မှာမှ မကြားရပါဘူး။ စစ်အုပ်ချုပ်ရေးကာလ တလျှောက်မှာ ကျနော့်ပုံ၊ ကျနော့် နာမည်၊ ပုံနှိပ်ခွင့် မပြုဘူးဆိုတော့ လူငယ်တွေ မသိတာ မထူးဆန်းပါဘူး။
မေး ။ ။ သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ဖို့ ရှိလား။
ဖြေ ။ ။ ကျနော့်ကို ဒိုင်လုပ်မလားဆို ကျနော် ဘယ်တော့မှ ဒိုင် မလုပ်ပါဘူး။ လုပ်ဖြစ်မှာလည်း မဟုတ်ပါဘူး။ လူတယောက်ကို အကဲဖြတ်ရမှာ မဖြတ်ချင်ဘူး။ သီချင်းဆိုပြိုင်ပွဲဆိုတာ အခုမှ ပေါ်လာတာ။ ကျနော်တို့တုန်းက ဆိုစရာ ရုပ်မြင်သံကြားတောင် မရှိဘူး။ ဒီသီချင်းပြိုင်ပွဲကို လူငယ်လေးတွေ လာပြိုင်ကြတာကို ကျနော့်အနေနဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် မပြောချင်ဘူး။ ကျနော် ပြောလိုက်တဲ့ စကားလုံးကြောင့် ခံစားသွားရမယ်ဆိုရင် ကျနော့်ကိုယ် ကျနော်လည်း ခွင့်လွှတ်နိုင်မယ် မထင်ဘူး။ ကျနော်က ရိုးရိုးပြောလိုက်ပေမယ့် သူ့စိတ်ထဲ တမျိုးဖြစ်သွားမှာ မဖြစ်စေချင်တာကြောင့် ကျနော် ဒိုင် မလုပ်ချင်ဘူး။
မေး ။ ။ မျိုးဆက်သစ် လူငယ် အနုပညာရှင်တွေကို ပြောချင်တဲ့စကား။
ဖြေ ။ ။ ကျနော် လူငယ်တွေကို ပြောချင်တာက ပြိုင်ပွဲမှာ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြိုင်ပွဲမှာ မအောင်မြင်ရင်တောင်မှ ကိုယ်ဖန်တီးတဲ့ အနုပညာ ပရိသတ်ကြိုက်ရင် ပြိုင်ပွဲ မဝင်ရင်တောင် အပြင်မှာ အောင်မြင်နိုင်တာပဲ။ ဖန်တီးမှုက အရေးကြီးပါတယ်။ စိတ်ကူးကောင်းကောင်းလေးနဲ့ အနုပညာ ရိုးရိုးသားသား ရှိဖို့ လိုပါတယ်။ အခုဆို အွန်လိုင်းခေတ် ရောက်လာပြီဆိုတော့ ဂစ်တာလေး ခေါက်ပြီး အွန်လိုင်းပေါ် တင်လို့ ပရိသတ်ကြိုက်ရင် အောင်မြင်နိုင်တာပဲလေ။
မေး ။ ။ ပရိသတ်အတွက် အမှတ်တရ စကားလေး ပြောပေးပါဦး။
ဖြေ ။ ။ ဒီပွဲမှာလည်း ပရိသတ်တွေ လာအားပေးရတာ ထိုက်ထိုက်တန်တန် ဖြစ်အောင်ဆိုပါ့မယ်။ ပရိသတ် ကျေနပ်တယ်လို့ ပြောရင်ကို ကျေနပ်တာမို့ ပီတိခံစားရအောင် ကြိုးစားပါမယ်။ ။