ကမ္ဘာကြီးကို ဂျိမ်းစ်ဘွန်းအနေနဲ့ ကယ်တင်တဲ့နေရာမှာ အမျိုးသမီးတဦး ပါဝင်လာသင့်ပြီလို့ မင်းသား Pierce Brosnan က ထင်မြင်ယူဆထားပုံပါပဲ။ ဂျိမ်းစ်ဘွန်းအဖြစ် ဇာတ်ကား ၄ ကားမှာ ပါဝင်ခဲ့တဲ့ မင်းသား Brosnan က သူသရုပ်ဆောင်ခဲ့ဖူးတဲ့ လျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့် ဘွန်းအဖြစ် အမျိုးသမီးတဦး သရုပ်ဆောင်ဖို့ အခု အချိန်တန်ပြီလို့ The Hollywood Reporter မီဒီယာကို ပြောဆိုခဲ့ပါတယ်။
မင်းသား Brosnan က “လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကာလပတ်လုံး အမျိုးသားတွေချည်း သရုပ်ဆောင်တာကို ကျနော်ကို ကြည့်ခဲ့ရတယ်လို့ ထင်ပါတယ်။ အခုတော့ အမျိုးသားတွေက လမ်းဖယ်ပေးပါ။ အဲ့ဒီနေရာကို အမျိုးသမီးတဦး ဝင်လာပါမယ်။ စိတ်ဝင်စားဖို့ ကောင်းမှာပါ။ စိတ်လှုပ်ရှားဖို့ ကောင်းမယ်လို့ ကျနော်ထင်ပါတယ်”လို့ ပြောပါတယ်။
ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ စွန့်စားသူတဦးအနေနဲ့ သူဖန်တီးခဲ့တဲ့ ရုပ်ရှင်တွေဟာ သူ့ရဲ့ အနုပညာသက်တမ်းမှာ အထူးအလေးပေး ပြောပြစရာဖြစ်တယ်လို့ ဆိုပါတယ်။
သူက “ဂျိမ်းစ်ဘွန်းမှာ ထင်ရှားတဲ့ ဝိသေသ လက္ခဏာနဲ့ နက်ရှိုင်းတဲ့ ဂုဏ်သိက္ခာ ရှိပါတယ်။ ကျနော့် မသေခင်အချိန်ထိ သူ့အကြောင်း ကျနော် အမေးခံနေရဦးမှာပါ။ သူဟာ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်တခု ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
သူဟာ ဂျိမ်းစ်ဘွန်းအဖြစ် ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Golden Eye” ၊ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Tomorrow Never Dies” ၊ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The World is Not Enough” နဲ့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Die Another Day” ရုပ်ရှင်တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူပါ။
မင်းသား Daniel Craig ပါဝင်ထားတဲ့ ၂၅ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကတော့ လာမယ့်နှစ်၊ ဧပြီလ ၃ ရက်နေ့မှာ ယူကေနဲ့ ဧပြီလ ၈ ရက်နေ့မှာ အမေရိကန်မှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင် နာမည်တွေကိုတော့ “No Time To Die” လို့ ပေးထားတယ်လို့ သိရပါတယ်။
မင်းသား Craig ဟာ ရုပ်ရှင်အတွက် ရိုက်ကူးရေး လုပ်နေစဉ်မှာပဲ လန်ဒန်မြို့ဝန်းကျင်မှာ အကြိမ်ရေ တော်တော်များများ သူ့ကို မြင်တွေ့ခဲ့ကြရပါတယ်။ ဂျမေကာနိုင်ငံက ရိုက်ကွင်းမှာလည်း မင်းသားဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ပထမဆုံး ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဖြစ်တဲ့ “Dr.No” နဲ့ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Live and Let Die” ရုပ်ရှင်တို့ကို ဂျမေကာနိုင်ငံမှာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ Cary Fukunaga က ရိုက်ကူးထားပြီး Ralph Fiennes, Rami Malek နဲ့ Rory Kinnear တို့က ဦးဆောင် ပါဝင်ထားကြပါတယ်။
Ref. CNN