“Stranger Things” ဟာ Netflix ရဲ့ အောင်မြင်ကျော်ကြားတဲ့ Original စီးရီးတွေထဲက တခု ဖြစ်ပြီး ပရိသတ် အမြောက်အများ နှစ်သက်စွာ ကြည့်ရှုခဲ့ကြတဲ့ တီဗီစီးရီးပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်ပြသခဲ့တဲ့ Drama, Fantasy, Horror အမျိုးအစားဖြစ်တဲ့ ဒီတီဗီစီးရီးကို Netflix အနေနဲ့ Season 4 အပြီးမှာ အဆုံးသတ်ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Season 5 အထိ ထွက်ရှိဖို့ စီစဉ်ထားတဲ့ “Stranger Things” ဟာ ဘယ်လိုအကြောင်းတွေကြောင့် Season 4 မှာတင် ပြီးဆုံးသွားဖို့ ဖြစ်လာသလဲဆိုတာကို အသေးစိတ် မသိရသေးပေမယ့် Season 4 အပြီးမှာ ဆက်လက် ကြည့်ရှုကြရမှာ မဟုတ်တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
Season 3 မှာ ပါဝင်ခဲ့တဲ့ မကောင်းဆိုးဝါး Mind Flayer ဟာ Hawkins မြို့တမြို့လုံးကို တုန်လှုပ်ချောက်ချားစေခဲ့တာ ဖြစ်တဲ့အပြင် ရုရှားအစိုးရရဲ့ ပါဝင်ပတ်သက်မှု အခြေအနေကိုလည်း တစိတ်တပိုင်း အနေနဲ့ ပြသခဲ့ပြီး ဖြစ်ပါတယ်။
ရှေ့မှာ ပြသခဲ့တဲ့ Season တွေနဲ့မတူဘဲ ကြည့်ရှုသူ ပရိသတ်တွေ သိနှင့်ပြီးသားဖြစ်တဲ့ Eleven ရဲ့ အစွမ်းနဲ့ အခန်းကဏ္ဍကိုလည်း Season 3 မှာ လျှော့ချထားတဲ့ “Stranger Things” ရဲ့ နောက်ထပ် Season အတွက် ဇာတ်လမ်း တည်ဆောက်ပုံဟာလည်း အခုလို စီးရီးတခုလုံးကို ရပ်တန့်ပစ်လိုက်ဖို့ စီစဉ်နေတဲ့ သတင်းတွေနဲ့အတူ ဆက်စပ် စဉ်းစားစရာ ဖြစ်နေတာပါ။
Season 4 ထွက်ရှိလာမယ့် အချိန်ဟာလည်း ၂၀၂၁ ခုနှစ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး Season 2 နဲ့ Season 3 တုန်းကလိုပဲ ၂ နှစ်ခန့် ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။
အခုလို ထွက်ပေါ်နေတဲ့ သတင်းတွေသာ အမှန်တကယ် ဖြစ်မယ်ဆိုရင်တော့ “Stranger Things” ပရိသတ်တွေဟာ စီးရီးထဲက ၁၉၈၀ ခုနှစ် နောက်ခံ Hawkins မြို့နဲ့အတူ ဇာတ်ကောင်တွေ အားလုံးကို နှုတ်ဆက်ဖို့အချိန်ဟာ တဖြည်းဖြည်း နီးကပ်လာနေပြီပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Netflix မှာ ကြည့်ရှုသူ စံချိန်တင်ခဲ့တဲ့ “Stranger Things Season 3”
အလှကုန်ပစ္စည်းတွေ စတင် ရောင်းချတော့မယ့် မင်းသမီး Millie Bobby Brown
Netflix ရုပ်ရှင်မှာ တဦးကို ထိုင်းဘတ် ၃ သန်းစီ ရရှိကြမယ့် ထိုင်းတောဝက် အသင်းသားများ