ခန္ဓာကိုယ် ကောက်ကြောင်း အလှကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သရုပ်ဆောင် အိချောပိုက ခန္ဓာကိုယ်အတွက် ထွေထွေထူးထူး ထိန်းသိမ်းတာမျိုးမရှိဘဲ လမ်းပုံမှန် လျှောက်ဖြစ်တယ်လို့ ဆိုပါတယ်။
“ခန္ဓာကိုယ် ထိန်းသိမ်းတာက ထွေထွေထူးထူး မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဝလာတယ် ထင်ရင် ဝိတ်လျှော့လိုက်တယ်။ ဒီလောက်ပါပဲ။ လေ့ကျင့်ခန်းတွေတော့ မလုပ်ဖြစ်ပါဘူး။ လမ်းကတော့ ပုံမှန်လျှောက်ဖြစ်တယ်။ ပရိသတ်တွေက သရုပ်ဆောင်ပိုင်းကို အားပေးကြသလို ခန္ဓာကိုယ်အလှကြောင့် အားပေးကြတာလည်း ရှိတယ်။ သူတို့ကတော့ အားပေးချင်သလို အားပေးကြမှာပါပဲ”
“ပရိသတ်တွေ ဆိုတာကတော့ ကြိုက်တဲ့သူလည်း ရှိမှာပဲ။ မကြိုက်တဲ့သူလည်း ဝေဖန်တာတွေ ရှိမှာပဲ။ ဝေဖန်တော့လည်း ပြောပိုင်ခွင့် မရှိဘူးလေ။ အနုပညာသမားဆိုတာက ပရိသတ် ကြိုက်တာ ရှိမယ်၊ မကြိုက်တာ ရှိမယ်။ စူတို့ နားလည်ပါတယ်။ ဝေဖန်လို့လည်း ရတယ်၊ အကြံပြုလို့လည်း ရတယ်။ ချစ်လို့လည်း ရတယ်။ ပုံတွေ တင်ဖြစ်တာကလည်း ဓာတ်ပုံဆရာတွေ ရိုက်ပေးတာကို လှနေရင် တင်ရမှာပဲလေ”လို့ အိချောပိုက ပြောပါတယ်။
သရုပ်ဆောင် အိချောပိုကတော့ လတ်တလော ဒါရိုက်တာ ချိုဝတ်ရည် ရိုက်ကူးမယ့် “မှောင်တိုက်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒီဇာတ်ကားမှာ ခပ်လည်လည်၊ ခပ်သွက်သွက် ကောင်မလေးတယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“မှောင်တိုက် ရုပ်ရှင်မှာတော့ ကိုကြံ့ (ကျော်ကျော်ဗိုလ်) ကြိုက်တဲ့ ကောင်မလေးတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာပါ။ ချူဆီလို ပုံစံမျိုးလေးပေါ့။ ချူဆီတုန်းကတော့ နည်းနည်း ကြောက်တတ်တယ်ပေါ့။ အဲ့ ကာရိုက်တာမှာကျတော့ ချူဆီ လုပ်ပေမယ့် မရဲဘူးပေါ့။ ဒီကားမှာတော့ ခပ်လည်လည်၊ ခပ်သွက်သွက် ပုံစံလေးပေါ့”
“ကာရိုက်တာ အဆင်ပြေအောင်တော့ ကြိုးစား သရုပ်ဆောင်ရမှာပါပဲ။ ဒီကားရိုက်ဖို့ ဒါရိုက်တာ ချိုဝတ်ရည်ကလည်း ရီဟာဇယ်တွေ အကြိမ်ကြိမ် လုပ်ထားတယ်။ ပြင်ဆင်မှုအပိုင်းက မိတ်ကပ်ဆံပင်၊ အဝတ်အစားက သူတို့ပဲ စီစဉ်ပေးတယ်။ လူပဲ သွားရမှာပေါ့။ အဲ့တော့ သရုပ်ဆောင်ပိုင်းကို ကိုယ်က ပိုအားစိုက်လို့ရသွားတာပေါ့” လို့ အိချောပိုက ပြောပါတယ်။
“မှောင်တိုက်” ဇာတ်ကား ရိုက်ကူးမှုမှာ ပြင်ဆင်ရတဲ့ အပိုင်းနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။
“အရင်ဆိုရင် ဒီခန်းမှာ ဘာဝတ်ရမလဲ စဉ်းစားရသေးတယ်။ အခုတော့ အိုက်တင် ဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတဲ့ အတွေးပဲရှိတော့တယ်။ ဒီကာရိုက်တာလေးက လုပ်တော့ လုပ်ဖူးတယ်။ ဒါပေမဲ့ ဇာတ်အရအလှည့်အပြောင်းလေးတွေ အများကြီးပါတော့ ပရိသတ်အမြင်မှာ ဆန်းမှာပါ။ ပရိသတ်တွေ မထင်ထားတဲ့ ပုံစံလေး ဖြစ်မှာပါ”
“ပရိသတ်တွေက ဘယ်ကာရိုက်တာနဲ့မှ မလိုက်ဘူးတော့ မဟုတ်ပါဘူး။ ကာရိုက်တာ ပီပြင်တာကိုပဲ သူတို့က ကြည့်ကြတာလေ။ ကိုယ်ကလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်ဖို့ပဲ အရေးကြီးတာပါ”လို့ အိချောပိုက ပြောပါတယ်။
အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီး တယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့တဲ့ အိချောပိုကတော့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေပြီး မကြာသေးခင်ကလည်း “ဆုံစည်းခွင့်”ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွဲ လက်ခံ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
You May Also Like These Stories:
ခေတ်ရေစီးကြောင်းအရ ဝတ်ရပေမယ့် အရမ်းဟော့တာ မဝတ်ဘူးလို့ ပြောတဲ့ အိချောပို
“လက်ရှိ အချစ်ရေးက ဖြေရှင်းထားတဲ့ အတိုင်းပါပဲ”လို့ ပြောတဲ့ အိချောပို