Paramount ရုပ်ရှင်ထုတ်လုပ်ရေးဟာ သူတို့ရဲ့ ကမ္ဘာကျော်ခဲ့တဲ့ ရုပ်ရှင်တွေထဲက တခုဖြစ်တဲ့ “Face/Off” ကို ပြန်လည်ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
စတူဒီယိုအနေနဲ့ ၁၉၉၇ ခုနှစ်က ဒါရိုက်တာ John Woo ရိုက်ကူးခဲ့တဲ့ သည်းထိတ်ရင်ဖို အက်ရှင် ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို Oren Uziel နဲ့အတူ ပြင်ဆင်နေပြီလို့လည်း ဆိုပါတယ်။ Uziel ဟာ “22 Jump Street” လိုကမ္ဘာကျော် ရုပ်ရှင်ကိုဇာတ်ညွှန်း ရေးသားခဲ့သူဖြစ်ပြီး “Pokemon: Detective Pikachu” ဒုတိယမြောက် ရုပ်ရှင်ကိုလည်း ရေးသားမယ့် သူဖြစ်ပါတယ်။
“Fast and Furious” ရုပ်ရှင်ထုတ်လုပ်သူ Neal Moritz က အခုပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ကို ထုတ်လုပ်မှာ ဖြစ်ပြီး မူရင်းရုပ်ရှင် ထုတ်လုပ်သူ David Permut ကတော့အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်လာမှာပါ။
ရုပ်ရှင်အတွက်ဘယ်သရုပ်ဆောင်ကိုမှ မရွေးချယ်ရသေးပေမယ့် မူရင်း ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ မင်းသား ဂျွန်ထရာဗိုတာနဲ့ မင်းသား နီကိုးလတ်ကေ့ချ်တို့ကတော့ ပြန်ဝင်လာမယ့်ပုံ မရပါဘူး။ ပြန်လည်ရိုက်ကူးမယ့် ရုပ်ရှင်ကိုလည်း သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးမယ်လို့ သတင်းထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။
“Face/Off” ရုပ်ရှင်ကတော့ သားဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားကို လိုက်လံဖမ်းဆီးခဲ့တဲ့ FBI အေဂျင့် တဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ အေးဂျင့်ဟာ အဲ့ဒီလူသတ်သမားကို လိုက်ဖမ်းရင်း လေယာဉ်ပျက်ကျ ရာကနေ ကိုမာဝင်သွားတဲ့ လူသတ်သမားရဲ့ မျက်နှာ၊ ခန္ဓာကိုယ်နဲ့ အသံကို ပြောင်းလဲခဲ့ရပါတယ်။
အဲ့ဒီနောက် လုံခြုံရေးအထူးတင်းကျပ်တဲ့ ထောင်ထဲကို ဝင်ပြီး လူသတ်သမားရဲ့ လုပ်ဖော်ကိုင်ဖက်တွေထံချဉ်းကပ်ပြီး ဗုံးတလုံးရဲ့ တည်နေရာကို ထောက်လှမ်းဖို့ ကြိုးစားပုံကို မြင်တွေ့ရမှာပါ။
အဲ့ဒီရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသား ထရာဗိုတာနဲ့ မင်းသား ကေ့ချ်တို့ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကို ဝေဖန်သူတွေက ချီးကျူးခဲ့ကြပါတယ်။ ဒါရိုက်တာ Woo ရဲ့ အကောင်းဆုံး ဟောလိဝုဒ်ရုပ်ရှင်ဖြစ်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂၄၅ သန်းရရှိခဲ့ပါတယ်။
ဒါ့အပြင် ၁၉၉၇ ခုနှစ်ရဲ့ ၁၁ ခုမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ အကြိမ် ၇၀ မြောက် အော်စကာဆုပေးပွဲမှာတော့ အသံအထူးပြုလုပ်ချက် ဆုအတွက် ဆန်ခါတင်စာရင်း သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
Ref:aceshowbiz