မကြာခင်မှာရုံတင်ပြသတော့မယ့် “ ရူးအောင်ချစ်မယ့် လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်မင်းသာဂီကတော့ ဒီကားဟာသူ့ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်ပြီး အသစ်တယောက်အနေနဲ့ ရုပ်ရှင်ကားရိုက်ဖို့က မလွယ်ဘူးလို့ ပြောပါတယ်။
“ရူးအောင်ချစ်မယ့် လူ” ကားမှာ ပါဝင်ခွင့်ရလို့ အရမ်းပျော်ခဲ့ရပါတယ်။ အရမ်းကြိုက်တဲ့မင်းသား မင်းသမီးနဲ့လည်း အတူရိုက်ခွင့်ရတယ်။ နောက်ပြီးတော့ အသစ်အနေနဲ့ ဒီလိုရိုက်ခွင့်ရဖို့ဆိုတာလည်း မလွယ်ဘူးလေ။ ကျနော်အများကြီး စိတ်လှုပ်ရှားပြီးတော့ ရိုက်ခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်” လို့ မင်းသာဂီက ပြောပါတယ်။
ဒီကားထဲမှာတော့ ကြိုက်နှစ်သက်ရတဲ့ မင်းသားမင်းသမီးတွေနဲ့အတူ ပါဝင်ရတဲ့အတွက် စိတ်လှုပ်ရှားပျော်ရွှင်နေပြီး အဆုံခန်းနည်းပေမယ့် ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ဒီကားမှာပါဝင်ရလို့ အရမ်းပျော်ပါတယ်။ ကိုနေတိုးကလည်း ကျနော်အကြိုက်ဆုံး။ ကျနော့်အိုင်ဒေါ ကိုယ့်အစ်ကိုလိုလည်း ဖြစ်နေတယ်။ မအူဝဲကလည်း ကျနော် အကြိုက်ဆုံးမင်းသမီးဖြစ်နေတယ်ဆိုတော့ သူတို့ ၂ယောက်နဲ့ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ သူတို့နဲ့ကတော့ အဆုံခန်းနည်းတယ်။ ကိုနေတိုးနဲ့ပဲ ၁ခန်း ၂ခန်းပါတယ်။ မအူဝဲနဲ့က သေချာပြောရတာ မရှိဘူး။ မေတိုးခိုင်နဲ့ပဲများတယ်” လို့ မင်းသာဂီက ပြောပါတယ်။
“ရူးအောင်ချစ်မယ့်လူ” ဇာတ်ကားထဲမှာတော့ မင်းသာဂီက ရိုးသားဆိုတဲ့ ဓာတ်ပုံဆရာကောင်လေးတယောက်နေရာက သရုပ်ဆောင်ထားပြီး အမှတ်တရများကိုလည်း ပြောပြခဲ့ပါတယ်။
“ဒီကားထဲမှာ ရိုးသား ဆိုတဲ့ကောင်လေး သူငယ်ချင်းတွေနဲ့စုပေါင်းပြီးတော့ စတူဒီယိုတခုဖွင့်ထားတယ်။ အဲဒီမှာ ကျနော်က ကင်မရာမန်းအနေနဲ့ သရုပ်ဆောင်ထားတာပေါ့။ အမှတ်တရကတော့ ကျနော်နဲ့ မေတိုးခိုင်နဲ့ရန်ဖြစ်တဲ့အခန်းပေါ့။ ရန်ဖြစ်ပြီး ပြိုင်ကားနဲ့မောင်းထွက်သွားတဲ့အချိန်မှာ ကိုနေတိုးကနောက်ကလိုက်ပြီး ကားပိတ်ရပ်ပြီးထိုးတဲ့အခန်းပေါ့။ အဲ့အခန်းက တော့ အမှတ်တရဖြစ်တယ်ပေါ့” လို့ မင်းသာဂီက ပြောပါတယ်။
အတူတွဲဖက် သရုပ်ဆောင်ရတဲ့ မေတိုးခိုင်ကလည်း သူမရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး မေတိုးခိုင်နဲ့ ပတ်သက်ပြီတော့လည် မင်းသာဂီက အခုလိုပြောပြခဲ့ပါတယ်။
“မေတိုးခိုင်က Talent ရှိတဲ့ မင်းသမီးတယောက်ပါ။ အသစ်ဆိုပေမယ့် တချို့ဟာလေးတွေမှာတော့ သူကြိုးစားရတဲ့ အပိုင်းတွေတော့ ရှိတာပေါ့။ အကောင်းဆုံးကြိုးစားထားပါတယ်။ အများကြီး Talent ရှိတဲ့ မင်းသမီးတယောက်ပါ” လို့ မင်းသာဂီက ပြောပါတယ်။
လက်ရှိမှာလည်း MRTV 4 နဲ့ဇာတ်လမ်းတွဲရိုက်ကူးနေပြီး ခေါင်းဆောင်မင်းသားတယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။
သီချင်းတွေနဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်များနဲ့အဆက်ပြတ်သလိုဖြစ်သွားတဲ့အတွက် နောက်ပိုင်းမှာ ကြိုးစားသွားမှာဖြစ်ပြီး သရုပ်ဆောင်နဲ့ အဆိုတော်ကို မျှပြီးတော့လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်က တကယ်တော့ ပျောက်နေတာမဟုတ်ဘူး။ ပျောက်သွားသလိုဖြစ်သွားတာပေါ့။ ကျနော်သီချင်းတွေနဲ့ ပရိသတ်တွေကြိုက်ခဲ့တယ်။ လူသိခဲ့ပြီးဖြစ်ပြီးတော့မှ နောက်ပိုင်းမှာ ၃ ၊ ၄နှစ်လောက်က အကြောင်းအမျိုးမျိုး ကြောင့်ဖြစ်သွားတယ်။ နောက်ပိုင်းကျနော်ကြိုးစားနေပါတယ်” လု့ိမင်းသာဂီကပြောပါတယ်။
ရခိုင်တိုင်းရင်းသားအနုပညာရှင်တဦးဖြစ်တဲ့ မင်းသာဂီကတော့ “My Better Half” ဆိုတဲ့တကိုယ်တော်သီချင်းခွေလည်း ထွက်ရှိထားပါတယ်။
You may also like these stories:
“မွေးနေ့မှာ ပရိသတ်ရဲ့ Surprise နဲ့ ဖြတ်သန်းတာ နှစ် ၂၀ ကျော်ခဲ့ပြီ”လို့ နေတိုး ပြော
“ဝါသနာရှင်တွေကို ပိတ်ပင်ရင် ပညာရှင်တွေ ဆုံးရှုံးလာနိုင်တယ်”လို့ ထားထက်ထက် ပြော
“တယောက်တည်း ဖြစ်သွားတဲ့အတွက် လွတ်လပ်တဲ့ အရသာကို ပထမဆုံး ခံစားဖူးတာ” ဆိုတဲ့ ရွှေမှုံရတီ