ဒီဇိုင်နာအဖြစ် တာဝန်ယူထားတဲ့ အဆိုတော် Rihanna ရဲ့ နယူးယောက် ဖက်ရှင်ရှိုးကို ကျင်းပပြီးစီးခဲ့ပြီးပေမယ့် အဲ့ဒီပွဲကို တက်ရောက်လာခဲ့ကြတဲ့ နာမည်ကျော်တွေက ပွဲမှာ ဖုန်းအသုံးပြုခွင့်မရခဲ့ကြပါဘူး။ အကြောင်းကတော့ အဲ့ဒီ ပွဲတခုလုံးအတွက် ပြသခွင့်ကို Amazon Prime Video က ရရှိခဲ့လို့ပဲ ဖြစ်ပါတယ်။
နယူးယောက်မြို့က ဘရွတ်ကလင်း အရပ်မှာရှိတဲ့ Barclays Center မှာပြုလုပ်ခဲ့ပြီး နာမည်ကျော်တွေ ဝင်လျှောက်ခဲ့တဲ့ အဲ့ဒီ ဖက်ရှင်ရှိုးကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ Amazon ကနေ မထုတ်လွှင့်ခင်အချိန်အထိ ဓာတ်ပုံတွေကို တင်ခွင့်ပြုမှာ မဟုတ်ပါဘူး။
အဲ့ဒီပွဲမှာ DJ Khaled, Halsey, Big Sean နဲ့ Migos တို့လိုမျိုး အဆိုတော်တွေလည်း လာရောက် ဖျော်ဖြေခဲ့ကြပါတယ်။ အဆိုတော်၊ ဒီဇိုင်နာ Rihanna က “ဒီလိုမျိုး ရှိုးပွဲက ဘယ်လိုလာမယ်ဆိုတာကို ရှင်တို့ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် အဆိုတော် Rihanna ဟာ ဂီတ၊ ဖက်ရှင်နဲ့ ယဉ်ကျေးမှုတို့ကို ပေါင်းစည်းဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး Bella Hadid, Gigi Hadid, Normani နဲ့ Cara Delevingne တို့လိုမျိုး နာမည်ကျော် မော်ဒယ်တွေလည်း လာရောက်ခဲ့ပါတယ်။
W Magazine ရဲ့အဆိုအရ Amazon နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကြောင့် အခုလိုမျိုး ဖက်ရှင်ရှိုးတွေကို Streaming ခေတ်တခုဆီ ခေါ်ဆောင်လာနိုင်ပြီလို့ သိရပါတယ်။ ပရိသတ်တချို့ကတော့ အခုလိုမျိုး Amazon နဲ့ သဘောတူညီချက် ရခဲ့တာကို အရင်တုန်းက Victoria’s Secret ကနေ ဝင်ခဲ့တဲ့ ဝင်ငွေတွေရခဲ့တာနဲ့ နှိုင်းယှဉ်ပြောဆိုနေကြပါတယ်။
ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီ Victoria’s Secret ရှိုးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ လူကြည့်နှုန်း အနိမ့်ဆုံးကို ရောက်ရှိခဲ့တာကြောင့် ဆယ်စုနှစ် နှစ်ခုအတွင်း ပထမအဆုံးအကြိမ် အနေနဲ့ ဒီနှစ်မှာ ပွဲကို ကျင်းပတော့မှာ မဟုတ်ပါဘူး။
Rihanna ရဲ့ Savage Fenty X ဆောင်းဦးနဲ့ ဆောင်းကာလဝတ် အတွင်းခံတွေကို Victoria’s Secret မှာ မိတ်ဆက်ခဲ့ပေမယ့် အဲ့ဒီပွဲမှာ လိင်ပြောင်းမော်ဒယ်တွေ ပါဝင်ခွင့်မရတာမျိုး အပါအဝင် လူမျိုးစုံ ပါဝင်မှု မရှိခဲ့ဘူးဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဖက်ရှင်ရှိုးကိုတော့ Justin Bieber ရဲ့ Sorry သီချင်းလိုမျိုး ဂီတဗီဒီယိုတွေနဲ့ နာမည်ကျော်တဲ့ ကကွက်နည်းပြဆရာမ Parris Goebel က ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ Amazon Studios ကတော့ Rihanna ရဲ့ ဖက်ရှင်ရှိုးဟာ သမားရိုးကျတွေထံက ခွဲထွက်ပြီး ဘက်ပေါင်းစုံကနေ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။
Ref. BBC
You May Also Like These Stories:
Harper’s Bazaar China မဂ္ဂဇင်းပေါ်က အာရှဒီဇိုင်း ဝတ်စုံတွေကြောင့် အဆိုတော် Rihanna ဝေဖန်ခံရ
ကုန်ပစ္စည်းနာမည်ကိစ္စနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူကို Rihanna တရားစွဲ