“သမီးရှင်” သီချင်းနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော် ဗျူဟာက ဂီတလောကကနေ ခေတ္တ ပျောက်ကွယ်သွားခဲ့ပြီး ဒီရက်ပိုင်းမှာ တကိုယ်တော်အခွေနဲ့အတူ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ အခွေသစ်နဲ့ ဂီတလောကထဲ တဖန်ပြန်ရောက်လာတဲ့ အဆိုတော် ဗျူဟာကတော့ အရင်ကလို မဟုတ်ဘဲ ဘဝကို လေးလေးနက်နက် ဖြတ်သန်းနေပြီလို့ ပြောပါတယ်။
“လူပျို တယောက်လိုတော့ အလုပ်တွေ အများကြီး မလုပ်နိုင်တော့ဘူးပေါ့။ ဥပမာ စိုင်းစိုင်းတို့လိုတော့ မလုပ်နိုင်တော့ဘူးပေါ့။ ဒါက သူများအကြောင်း ထည့်ပြောတာ မဟုတ်ပါဘူး။ သူတို့ လူပျိုလုပ်နေတော့ အလုပ်အများကြီး လုပ်နေတယ် ဆိုတာကို ပြောပြတာပါ။ ကျနော်တို့ဘဝက အိမ်ထောင်သည် ဘဝတွေဆိုတော့ လေးလေးနက်နက်ကြီး ဖြတ်သန်းနေရတာပေါ့ဗျာ”လို့ အဆိုတော် ဗျူဟာက ပြောပါတယ်။
အဆိုတော် ဗျူဟာက ဂီတလှုပ်ရှားမှုများနဲ့ ပြတ်တောက်သွားတဲ့အချိန်မှာ အိမ်ထောင်ကျသွားခဲ့တာဖြစ်ပြီး အိမ်ထောင်သည် တယောက်ဖြစ်သွားတဲ့အတွက် အရင်ကလို အနုပညာလမ်းကြောင်းပေါ် လှမ်းမတက်နိုင်ဘူးလို့ ပြောပါတယ်။
“ကြားထဲမှာ ကျနော် အိမ်ထောင်ကျသွားတယ်။ ကလေး နှစ်ယောက်အဖေ ဖြစ်သွားတော့ လူပျိုလူလွတ်တယောက်လိုတော့ အနုပညာလမ်းကြောင်းပေါ် လှမ်းပြီးတော့ မတက်နိုင်ဘူးပေါ့။ ကျနော်တို့မှာ နောက်ဆက်တွဲတွေပါတော့။ ဒါပေမဲ့ ကျနော်ပုံမှန်လေးတော့ သွားနေတယ်”လို့ ဗျူဟာက ပြောပါတယ်။
ဗျူဟာက သားတယောက် သမီးတယောက်နဲ့အတူ သာယာတဲ့ အိမ်ထောင်ရေးတခုကို ပိုင်ဆိုင်ထားတဲ့ အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ကျနော့် အမျိုးသမီးက ခင်ချစ်ချင်ပါ။ ဒီအခွေထဲမှာ စုံတွဲသီချင်း ၁ ပုဒ် ဆိုထားတယ်။ အချစ်သီချင်းပေါ့ဗျာ။ လင်မယား နှစ်ယောက်ဆိုတဲ့ သီချင်းပါ။ ကျနော့် ကလေးတွေက သမီးလေးက ဓာတုမြန်မာ၊ သားက ဂုဏ်ရောင်မြန်မာဆိုပြီး ကလေး နှစ်ယောက် ရှိပါတယ်။ တယောက်က ၆ နှစ်၊ တယောက်က ၄ နှစ် ရှိပါပြီ။ နှစ်ယောက်လုံးကို ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ထားထားပါတယ်။ ကျောင်းတက်နေပါပြီ”လို့ ဗျူဟာက ပြောပါတယ်။
ဗျူဟာက မကြာသေးခင်ကလည်း “ရွှေဖြစ်တဲ့နေ့” ဆိုတဲ့ တကိုယ်တော်အခွေကို ထွက်ရှိထားပြီး ပုံစံအဆန်းတွေ နားထောင်ချင်သူတွေအတွက် အဆန်းတွေ ရေးထားတယ်လို့ ဆိုပါတယ်။
“အခွေထဲမှာတော့ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါပါတယ်။ သီချင်းပုံစံအဆန်းတွေ ပါပါတယ်။ အမျိုးအစားတွေကတော့ Hip Hop တို့၊ R&B တို့ပေါ့။ ရက်ဂေး ကာလာလေးတွေလည်း ပါပါတယ်။ အစုံပါပဲ။ ပုံစံအဆန်းတွေ နားထောင်ချင်တဲ့ သူတွေအတွက်လည်း အဆန်းကြီးတွေ ရေးထားပါတယ်” လို့ ဗျူဟာက ပြောပါတယ်။
အခွေထဲမှာ ပါဝင်တဲ့ သီချင်းတွေအကြောင်းကိုလည်း ဗျူဟာက အခုလို ဆိုပါတယ်။
“ရောက်” ဆိုတဲ့ သီချင်းလည်းကောင်းတယ်။ ရွှေဖြစ်တဲ့နေ့လည်း ကောင်းတယ်။ ကျနော် ပစ္စုပ္ပန်မှာ ခံစားလို့ရမယ့် သီချင်းတွေ ရေးပေးထားပါတယ်။ ဒီထဲမှာဆိုရင် အမျိုးသားရေးနဲ ပတ်သက်တာ နံပါတ် ၉ ပေါ့။ သိကြားပင့်ဆိုပြီး သိကြားမင်း ပင့်ထားတာပေါ့။ ဘာကြောင့် သိကြားမင်းကို ပင့်ထားလဲဆိုတော့ ဧရာဝတီကို ရောင်းမယ်ဆိုလို့ သိကြားမင်း ပင့်ထားတာပါ။ အလွန်အကျူး ဖော်ကျူးထားတာပေါ့”လို့ ဗျူဟာက ပြောပါတယ်။
အဆိုတော် ဗျူဟာကတော့ တချိန်က လူငယ် ပရိသတ်တွေမှာ သူ ရေးသား သီဆိုခဲ့တဲ့ သီချင်းစာသားများကြောင့် ရေပန်းစားခဲ့တဲ့ အဆိုတော် တယောက်ဖြစ်ပြီး အခုတခါမှာလည်း သီချင်းအသစ်များနဲ့ ပရိသတ် ရှေ့ကို ပြန်လည် ရောက်ရှိလာတဲ့ အဆိုတော်လည်း ဖြစ်ပါတယ်။