လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဝက်မဟာ ဦးနှောက်သွေးကြော ပေါက်ခဲ့တာကြောင့် စက်တင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ SSC ဆေးရုံမှာ တက်ရောက်ခဲ့ရပြီး ယခုအခါ ကျန်းမာရေး ပြန်လည် သက်သာလာပြီလို့ ဆိုပါတယ်။
“မိုးတွင်းဆိုတော့ နယ်က မော်လမြိုင်အိမ်ကို ပြန်နေတာပေါ့။ ရန်ကုန်မှာ ပွဲတခု ရှိတာနဲ့ ရန်ကုန်ကို ပြန်ဆင်းတော့ လမ်းမှာ ကားစီးရင်း ညနေပိုင်း စကားတွေက လုံးသွားတာ။ ခေါင်းအုံနေတာ၊ သတိမေ့သွားတာ မျိုးတော့ မဟုတ်ဘူး။ နဂိုရောဂါအခံ ဆီးချို၊ သွေးတိုးတော့ ရှိတယ်။ ချက်ချင်း သူငယ်ချင်း ကိုနိုင်ဝင်းက အိမ်ကို ဖုန်းတွေဆက်တော့ အိမ်က SSC ကို တင်လိုက်ဆိုတာနဲ့ ကျနော့်ကို ဆေးရုံတင်တယ်”
“ဆေးတွေထိုး၊ ဆေးတွေ တိုက်နဲ့ နားခိုင်းတယ်။ ဓာတ်မှန်ရိုက်တော့ သွေးကြောတွေ ပေါက်နေတယ်၊ ဆရာဝန်ကြီးတွေကလည်း မခွဲစိတ်ဘဲနဲ့ ကုပေးခဲ့ကြပါတယ်။ မထင်မှတ်ဘဲ ရုတ်တရက် ဖြစ်သွားတာပါ”လို့ ဝက်မက ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီးတော့ ဝက်မက ဆေးရုံကိုသာ ပေပြီး မသွားဖြစ်ရင် အသက်သေဆုံးနိုင်ကြောင်း၊ ယခုလက်ရှိမှာတော့ အနုပညာအသိုင်းအဝိုင်းနဲ့ လူရွှင်တော်အသင်းမှ အလှူငွေတွေ ပေးကြတယ်လို့ ဆိုပါတယ်။
“ကျနော် ပေပြီး ဆေးရုံ မသွားရင်တော့ ဘဝဆုံးပြီ။ ဆရာဝန်ကြီးတွေရယ်၊ ဆေးရုံဝန်ထမ်းတွေရော အကုန်လုံး ကောင်းကြပါတယ်။ ဂရုစိုက်ကြပါတယ်။ အနုပညာ အသိုင်းဝိုင်းတွေရော၊ သဘင်ကရော၊ လူရွှင်တော် အသင်းကရော အလှူငွေတွေလည်း ပေးကြပါတယ်။ ကျနော် ရောဂါဖြစ်ချိန်မှာ စိုးရိမ်သွားတာ ရှိတယ်။ ကျနော်တို့က အနုပညာအလုပ်ကို လုပ်ချင်သေးတယ်လေ။ အားမရသေးဘူး”
“အရင်က သဘင်လုပ်နေတော့ သရုပ်ဆောင်လောကကို ရောက်တာ နောက်ကျတယ်။ ရုပ်ရှင်ဘက် ရောက်လာချိန်မှာ အနုပညာ အလုပ်တွေကလည်း လုပ်ချင်သေးတော့ စိုးရိမ်သွားတာ တခုခု ဖြစ်သွားမှာကို။ ဒီလို ဖြစ်လည်း မဖြစ်ဖူးဘူးလေ။ ကြောက်လည်း ကြောက်သွားတယ်။ ဒါပေမဲ့ ဘုရား၊ တရားတော့ မမေ့ပါဘူး”လို့ ဝက်မက ပြောပါတယ်။
ကျန်းမာရေးပြန်ကောင်းအောင် ကြိုးစားနေနတဲ့ လူရွှင်တော် ဝက်မက အောက်တိုဘာလထဲမှာ ဇာတ်ကား ရိုက်ကူးဖို့ရှိတယ်လို့ ပြောပါတယ်။
“အခု ဆရာဝန်က ၃ လလောက် နားခိုင်းတယ်။ ကျနော်က ၃ လလောက် မနားခိုင်းပါနဲ့။ ၁ လလောက်တော့ ဘာမှ မလုပ်ဘဲ အနားယူလိုက်မယ်။ ၁၀ လပိုင်းကျရင် အလုပ်ပေးလုပ်ပါလို့ ဆရာဝန်ကို ပြောလိုက်တယ်။ ၁၀ လပိုင်း ကားရိုက်ဖို့ ရှိတယ်။ ပရိသတ်နဲ့ အနုပညာ မောင်နှမတွေလည်း သိပ်မစိုးရိမ်ကြပါနဲ့။ လူ့ဘဝဆိုတာ ဒီလိုပါပဲ။ ကောင်းတလှည့်၊ ဆိုးတလှည့် ဒီလိုပဲ ကျော်ဖြတ်သွားရတာပါပဲ”
“ကိုယ့်ဘဝအတွက်တော့ အကောင်းဆုံးဖြစ်အောင် အလုပ်ကို ပိုကြိုးစားချင်တယ်။ ကျနော် အနုပညာအလုပ်တွေကို ဆက်လက် လုပ်ဆောင်ပါ့မယ်။ ပရိသတ်တွေပေးတဲ့ မေတ္တာနဲ့ အမြန်ဆုံး ပြန်ကောင်းအောင် ဆုလည်းတောင်းတယ်။ ပြန်ကောင်းအောင်လည်း ကြိုးစား နေထိုင်ပါမယ်”လို့ ဝက်မက ပြောပါတယ်။
လူရွှင်တော်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ သရုပ်ဆောင် ဝက်မဟာ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများစွာမှာ ဟာသ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး “ရယ်စရာပျော်စရာ ဟာသကမ္ဘာ” အစီအစဉ်မှာလည်း ပါဝင်သူတဦး ဖြစ်ပါတယ်။