ကျောင်းစာမေးပွဲတွေဆက်နေတာ ကြာပြီမို့၊ နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းတွေမကြည့်ဖြစ်တာကြာတာနဲ့ ပြီးခဲ့တဲ့ရက်က the man who invented Christmas ဆိုတဲ့ဇာတ်လမ်းလေးကြည့်ဖြစ်တယ်။ ပထမတော့ ခရစ်စမတ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းပေါ့ပေါ့ပါးပါးပဲ ဖြစ်မှာပဲဆိုပြီး ထိုင်ကြည့်ရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ဖမ်းစားခံရတာက အတွေးတွေပါ ပွားလာရတဲ့အထိပါပဲ။
ဇာတ်လမ်းကတော့ ကမ္ဘာကျော် စာရေးဆရာကြီး ချားလစ်ဒစ်ကင်းရဲ့ ဘဝဇာတ်ကြောင်း တစိတ်တပိုင်းကို ရိုက်ကူးထားတာမို့ ၁၉ ရာစုခေတ်ရဲ့ ခေတ်ရနံ့ကို ကောင်းကောင်းခံစားရတာပေါ့။ ချားလ်စ်တို့ခေတ်တုန်းက စာပေအပေါ်ထားတဲ့ စေတနာ၊ ကမ္ဘာကျော်နာမည်ကြီးရလောက်အောင် ကျော်ကြားတဲ့ ဝတ္ထုရှည်ကြီးတွေ ဘယ်လို ဖန်တီးခဲ့သလဲဆိုတာတွေကို တစိတ်တပိုင်း ကြည့်ရတဲ့အတွက် အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။
ဇာတ်ရဲ့သဘောကတော့ လန်ဒန်မြို့ကြီးမှာ ၁၈၄၃ လောက်က နာမည်ကျော်စပြုနေပြီဖြစ်တဲ့ အင်္ဂလိပ်စာရေးဆရာကြီး ချားလ်ဒစ်ကင်းဟာ သူ့ရဲ့ အိုလီဗာတွစ် Oliver Twist ဆိုတဲ့ နာမည်ကျော် ဝတ္ထုကြီးကို ရေးပြီးတဲ့အခါ ကြားထဲမှာ စာအုပ် ၂ အုပ်လောက်က အရှုံးတွေ ဆက်ပေါ်နေတာကြောင့် ထုတ်ဝေသူတွေရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီလိုအချိန်မှာ ချားလ်ဟာ နောက်ထပ် ဈေးကွက်ဝင်မယ့် စာအုပ်ကောင်းတအုပ် ထုတ်နိုင်ဖို့အတွက် အသည်းအသန် ခေါင်းစားနေတဲ့အချိန်ပေါ့။ စာအုပ်အတွက် အိုင်ဒီယာကောင်းကောင်းမရှိဖြစ်နေတော့ အရမ်းကို ဖိအားများနေချိန် သတင်းစာကြီးတွေကလည်း ချားလ်ရဲ့စာအုပ်တွေကို ဝေဖန်ရေးသားတာတွေကော နောက်ထွက်မယ့်အသစ်နဲ့ ပတ်သက်ပြီး ဖိအားတွေရောနဲ့ ချားလ်က တော်တော်လေးကို စိတ်ညစ်ညူးနေတာကို ရိုက်ပြထားတာပါ။
တချိန်တည်းမှာပဲ လန်ဒန်မြို့ကြီးမှာ ခရစ်စမတ်နဲ့ ပတ်သက်ပြီး ဓလေ့ထုံးစံဟောင်းတွေ ပြန်လည်ဖော်ထုတ်နေတာတွေ ဝေဖန်မှုတွေ ရှိနေတဲ့ကာလဖြစ်နေပါတယ်။ ချားလ်စ်ကသူ့ရဲ့ နောက်ထွက်မယ့်စာအုပ်အတွက် စဉ်းစားခန်းဝင်နေချိန်စ်တပြိုင်နက်တည်းမှာ သူ့မိသားစုထဲမှာ မိဘတွေနဲ့ပတ်သက်ပြီး ပြသာနာတွေက ရှိနေဆဲဖြစ်ပါတယ်။
ချားလ်ဟာ ငယ်ငယ်ထဲက အကြွေးထူတဲ့ သူ့အဖေကြောင့် ကလေးအလုပ်သမားအဖြစ် စက်ရုံတွေမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသူဖြစ်ပါတယ်။ မိဘတွေကို သူစာရေးဆရာဖြစ်လာချိန်မှာ အိမ်တွေဘာတွေဝယ်ပေးခဲ့ပေမယ့် သူရှိတဲ့ လန်ဒန်ကိုတော့ မလာခိုင်းပါဖူး။ သူ့အဖေဟာ သူ့အပေါ်မှာ ဘယ်တော့မှ နားမလည်ဘူးလို့ ထင်ထားသလို သူကလည်း ချစ်ခင်မြတ်နိုးစိတ် နည်းပါးလှပါတယ်။
စာအုပ်သစ်အတွက် အိုင်ဒီယာရှာနေတဲ့ ချားလ်စ်ဟာ တရက်မှာတော့ ခရစ်စမတ်ကာလ ရောက်ခါနီးမှာ လူတွေရဲ့ ခံစားချက်တွေ တုန့်ပြန်ပုံတွေနဲ့ပတ်သက်ပြီး စာအုပ်ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ခရစ်စမတ်ဝိညာဉ်ကို သူပြန်လည် ခံစားပါတယ်။
သူရေးမယ့်စာအုပ်က ခရစ်စမတ်နဲ့ ပတ်သက်တာဖြစ်နေတော့ သူ့ထုတ်ဝေသူကလည်း နည်းနည်းတော့ အင်တင်တင် ဖြစ်ပါတယ်။ သူ့ရှေ့မှာ ခရစ်စ်မတ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို သူနဲ့ ခေတ်ပြိုင် စာရေးဆရာတွေဖြစ်တဲ့ ဝါရှင်တန်အိုင်ဗင်းနဲ့ ဒေါက်ကလပ်ဂျရိုးတို့က ထုတ်ဝေပြီးသားဖြစ်နေတာကိုး။
ဒီတော့ ချားလ်ဟာ သူ့ရဲ့ အိုင်ဒီယာကို မစွန့်လွှတ်ပဲနဲ့ ငွေချေးပြီး ကိုယ်တိုင်ထုတ်မယ်လို့ ရည်ရွယ်ပြီး ငွေတိုးချေးစားသူတဦးဆီကနေ ပေါင် ၃၀၀ ချေးပြီး စာအုပ်ထုတ်ဖို့ စတင်ပါတော့တယ်။ သူဟာ သူ့ရဲ့ စာအုပ်အသစ်အတွက် လုံးပန်းနေတာဟာ မိသားစုကိုတောင် ပစ်ထားတဲ့အထိပါပဲ။ အဲ့အချိန်မှာ သူ့ဇနီးကိတ်ဟာ ၅ ယောက်မြောက် ကလေးကိုယ်ဝန် လွယ်ထားရပါတယ်။ ချားလ်စ်မှာ ကိတ်နဲ့ သားသမီး ၁၀ ယောက်ထွန်းကားပါတယ်။
ဒီကားထဲမှာ ချားလ်ရဲ့ စာအုပ်တအုပ်အတွက် ဇာတ်ကောင်တွေကို ဘယ်လိုဈာန်ဝင်စားပြီး ရေးသလဲဆိုတာကို သေချာဖော်ပြထားတာပါ။ ပထမဆုံးသူ ဖန်တီးတဲ့ ဇာတ်ကောင်က အင်မတန် တကိုယ်ကောင်းဆန်လှပြီး ဘယ်သူ့အကျိူးအတွက်မှ မကြည့်ပဲ ကိုယ်ကျိုးအတွက်သာ လူဖြစ်လာရတဲ့ ဇာတ်ကောင်ပါ။ ဒီဇာတ်ကောင်နာမည်အတွက် သူနာမည်မျိုးစုံကို စဉ်းစားပြီး စခရူးဂျ် Scrooge လို့ပေးလိုက်ပါတယ်။ စခရူးဂျ်ဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းမိတ်ဆွေ ဂျက်ကော့မာလေသေဆုံးပြီးနောက်မှာ ပိုပြီး စိတ်ဓာတ်ခက်ထန်သူတဦးအဖြစ် ဖြစ်လာပါတယ်။
ဇာတ်ကောင်စရိုက်ပီပြင်ဖို့အတွက် ဒီဇာတ်ကောင်တွေကိုပဲ ခေါင်းထဲမှာ အပြည့်ထည့်ထားပြီး ခံစားရေးသားလွန်းတာကြောင့် ချားလ်ရဲ့ ဇာတ်ကောင်တွေဟာ သူစာရေးတဲ့အခန်းထဲမှာ သူ့အနားမှာ အပြည့်နေနေကြတယ်လို့ ဇာတ်လမ်းထဲမှာသရုပ်ဖော်ထားတာဟာ ရှင်းလင်းလွန်းပါတယ်။
ချားလ်ဟာ သူ့ဇာတ်ကောင် စခရူးဂျ်ကို အင်မတန် ရက်စက်ပြီး လူမဆန်တဲ့ သနားကြင်နာတတ်တဲ့စိတ်မရှိတဲ့ အေးစက်စက် လူတစ်ဦးလို ပုံဖော်ထားတာကြောင့် ဒီစခရုးဂျ် ဇာတ်ကောင်ဟာ အမြဲတမ်းသူ့ဘေးမှာ ရှိပြီး သူရဲ့ မကောင်းတဲ့အတွေးအကြံတွေကို အမြဲ ပြောပြနေတာပါ။လူတိုင်းဟာ ကြိုးကိုယ်စီရစ်ပတ်ထားတာကြောင့် လှုပ်လို့မရဖူးဆိုတာကိုလည်း စခရုးဂျ်က အမြဲပြောနေပါတယ်။ သူ့မိတ်ဆွေ ဂျက်ကော့မာလေဟာ သေပြီး တစ္ဆေဖြစ်နေချိန်ထိ ငွေကြေးဆိုတဲ့ သော့တွေအထပ်ထပ်နဲ့ ရစ်ပတ်နေဆဲရှိနေတာကို ပြပါတယ်။
စခရုးဂျ်ရဲ့ ဇာတ်ကောင်စရိုက်မှာ ခရစ်စမတ်ဆိုတာကို လုံးဝအယုံအကြည်မရှိပဲ လူတွေဟာ ခရစ်စ်မတ်ကာလမှာ အလုပ်တွေနား ပျော်ပါး သုံးဖြုန်းကြတာကြောင့် ဒါဟာ လုပ်ငန်းတွေအတွက်လည်း ထုတ်လုပ်မှုကျစေပြီး ဒါဟာ မကောင်းတဲ့ လက္ခဏာလို့ သူက ယုံကြည်သူပါ။ ဒါကြောင့် ခရစ်စ်မတ်ဟာ သူ့အတွက် တကယ့် အိပ်မက်ဆိုးကာလလည်း ဖြစ်ပါတယ်။
ဒီလိုပုံဖော်ထားတဲ့ ဇာတ်ကောင်စရိုက်တွေကြားမှာ နေနေရတဲ့ ချားလ်စ်ဟာ သူ့စာအုပ်ကို ၁၈၄၃ ခုနှစ် ခရစ်စမတ်ကာလမှာ အမှီဖြန့်ချိချင်ပါတယ်။ ဒီအတွက် အင်မတန်တော်တဲ့ ဒီဇိုင်းဆရာ ဂျွန်လိခ်ကို သူ့စာအုပ်မျက်နှာဖုံးအတွက် ဒီဇိုင်းအပ်ပါတယ်။ ဂျွန်လိခ်ကလည်း ပညာရှင်ဖြစ်တဲ့အတွက် သူလိုချင်တဲ့ ပေါင်၅၀ မှ မရရင် မျက်နှာဖုံးမလုပ်နိုင်ဖူးလို့ပြောပါတယ်။ ညှိနှိုင်းရင်း မျက်နှာဖုံးကိစ္စအဆင်ပြေသွားတဲ့အခါ ချားလ်ဟာ သူ့စာအုပ်အတွက် အပြီးသတ်နိုင်ဖို့ ပြင်ရပါတော့တယ်။
သူရေးနေတဲ့ စာအုပ်က အခန်းတခုချင်းစီကို သူက Stave လို့ရေးပါတယ်။ Stave 1, 2 စသဖြင့်ပေါ့။ သူစာအုပ်ရဲ့ ရေးပီးသမျှအခန်းတွေကို သူက သူ့အိမ်က စာဖတ်တဲ့ အိမ်အကူမလေး တာရာကို အမြဲပေးဖတ်ပြီး ကောင်းမကောင်း ဝေဖန်ခိုင်းလေ့ရှိပါတယ်။ တစ်ခန်းမှာကျတော့ သူဟာ စခရုးဂျ်ဆီမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားရဲ့ သားကလေးကို သေပေးလိုက်ပါတယ်။ အဓိကကတော့ ကျန်းမာရေးမကောင်းတဲ့သားကို ဆေးမကုနိုင်လို့ လက်လွှတ်လိုက်ရတဲ့ သဘောပေါ့။
ဒါကို အိမ်အကူမလေး တာရာက မကျေနပ်ပါဘူး။ ကလေးကို မသေခိုင်းပဲ စခရူးဂျ်က ကူညီနိုင်တာပဲ၊ ကူညီခိုင်းပါလို့ ပြောတဲ့အခါမှာ ချားလ်ဒုက္ခတွေ့တာပါ။ သူဟာ စာအုပ်တစ်လျှောက်လုံးမှာ စခရုးဂျ်ရဲ့ ဇာတ်ကောင်စရိုက်ကို ဆိုးရွားတဲ့သူတစ်ဦးအနေနဲ့ ဇာတ်တိုက် ပုံဖော်လာခဲ့တာပါ။
ဒီလိုအဆုံးသတ်ခါနီးကျမှ ဆိုးရွားတဲ့ ဇာတ်ကောင်တစ်ဦးဟာ ညတွင်းချင်း လူကောင်းပြန်မဖြစ်နိုင်ဖူးလို့ ချားလ်က လက်ခံထားပါတယ်။ ဒီလိုအချိန်မှာ ချားလ်အတွက် အခက်အခဲဆုံးကာလကိုရောက်နေပါပြီ။ သူ့ဇာတ်ကောင်စရိုက်ကို သူ မပြောင်းလဲပစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း သူ့ဇာတ်သိမ်းခန်းအတွက် သူပြသာနာတက်နေပါတယ်။
ချားလ်ရဲ့ သူငယ်ချင်းကလည်း သူ့ရဲ့ အခက်အခဲအတွက် အကြံညဏ်တွေပေးပေမယ့် သူစိတ်ထွေပြားနေပြီးနောက်မှာ သူငယ်ငယ် ကလေးဘဝက အလုပ်လုပ်ခဲ့တဲ့ စက်ရုံဟောင်းကို ရောက်ရှိသွားပြီး သူ့ရဲ့ မသိစိတ်ထဲက စခရုးဂျ်နဲ့ စကားပြောပါတယ်။ စခရုးဂျ်ဟာ ဘယ်တော့မှ လူကောင်းဖြစ်လာမှာမဟုတ်ဖူးဆိုတဲ့ ပုံစံအတိုင်း သူ့ကို အဆိုးမြင်စိတ်တွေကိုသာ ဖြစ်ပေါ်စေပါတော့တယ်။
ဒီလိုအချိန်မှာ ချားလ်ရဲ့ မသိစိတ်ကနေ သချိုင်းကုန်းတစ်ခုကို ဖန်တီးဖြစ်ပေါ်လာစေပြီး နာမည်မထိုးရသေးတဲ့ အုတ်ဂူတခု ပေါ်လာပါတော့တယ်။ စခရူးဂျ်က ဒါဘယ်သူ့အုတ်ဂူလဲ နာမည်လည်းမပါပါလားဆိုတဲ့အခါ ချားလ်က ဘဝမှာ ဘယ်တုန်းကမှ ကောင်းမှုမလုပ်ခဲ့သူတဦးအတွက် ဖြစ်ကိုဖြစ်လာမယ့် အရာ၊ ခင်များရဲ့ နားခိုရာ ခင်များအုတ်ဂူလို့ဆိုလိုက်တဲ့အချိန်မှာပဲ ပိတ်တော့မယ့် အုတ်ဂူနံရံတွေကြား စခရူးဂျ်ရောက်သွားပါတယ်။
သဘောကတော့ ချားလ်ဟာ သူ့အတွေးထဲမှာ စခရူးဂျ်ကို သတ်ပစ်တော့မှာပါ။ သေခါနီးဖြစ်နေတဲ့ ဒီလိုအချိန်မှာပဲ စခရုးဂျ်ဆီကနေ မထင်ထားတဲ့ အသံတွေထွက်လာပါတယ်။ ဘဝတစ်လျောက်လုံး ကောင်းမှုမလုပ်ထားတဲ့ သူ့အတွက် သေခါနီးဇောမှာ သူဟာ လူတွေကို ကူညီတော့မယ့်ဆိုတဲ့အကြောင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လိုက်နာမယ်ဆိုတဲ့အကြောင်း၊ စာနာစိတ်ထားပြီး လူတွေအတွက် အကျိူးရှိတဲ့အလုပ်တွေလုပ်တော့မယ်ဆိုတဲ့အကြောင်း၊ ခရစ်စ်မတ်ကို အနှစ်သာရရှိတဲ့ ခရစ်စမတ်အဖြစ် လက်ခံတော့မယ်ဆိုတဲ့ အကြောင်းတွေကို ဝန်ခံကတိပေးလိုက်ပါတော့တယ်။
ချားလ်ဟာ သူ့အတွေးထဲကနေပြန်ထွက်ပြီး သူပြင်လို့မရတော့ဖူးထင်တဲ့ ဇာတ်ကောင်စရိုက်ကို ကောင်းကောင်းကိုင်တွယ်နိုင်တယ်လို့ သိလိုက်ရအပြီးမှာ သူ့ရဲ့ ဇာတ်လမ်းကို သူအဆုံးသတ်နိုင်လိုက်ပါတယ်။ သူသေခိုင်းခဲ့တဲ့ နေမကောင်းဖြစ်နေတဲ့ ကောင်လေးကိုလည်း စခရူးဂျ်က ဆေးကုသပေးလိုက်တဲ့အတွက် မသေတော့ပါဘူး။ စခရုးဂျ်ဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ လူတွေအတွက် အကျိုးရှိစေတဲ့သူတစ်ဦး ဖြစ်သွားစေပါတယ်။
အဲ့စာအုပ်ကိုလည်း ခရစ်စ်မတ် မတိုင်ခင် ဒီဇင်ဘာ ၁၉ ရက်မှာ ချားလ်ကထုတ်ဝေနိုင်လိုက်ပါတယ်။ စာအုပ် နာမည်ကတော့ Christmas Corol လို့နာမည်ရပြီး ကမ္ဘာ့စာပေလောကမှာ ဘာသာပြန်လက်ရာ ပေါင်းမြောက်များစွာနဲ့ ထပ်ခါထပ်ခါ ပုံနှိပ်ခဲ့ရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ခုချိန်ထိလည်း စာရေးဆရာကြီး ချားလ်ဒစ်ကင်းရဲ့ လက်ရာကောင်းတစ်ခုအဖြစ် အင်္ဂလိပ်စာပေလေ့လာရေးမှာလည်း အင်မတန်အသုံးဝင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေဆဲပါ။
ဒီရုပ်ရှင်ကားကို ကြည့်ပြီးတဲ့အခါမှာ ၁၉ ရာစုခေတ်က ကမ္ဘာကျော်စာရေးဆရာကြီးတွေရဲ့ လက်ရာကောင်းတွေ ဘယ်လိုထွက်ပေါ်လာသလဲဆိုတာကို ကောင်းကောင်း တီးခေါက်ကြည့်မိရပါတယ်။ နာမည်ကြီးသလောက်ကို ကြိုးစားအားထုတ်မှုတွေ သိပ်ကောင်းခဲ့တာပဲလို့ အားကျရပါတယ်။
မိမိဖန်တီးထားတဲ့ ဇာတ်ကောင်စရိုက်ကို မိမိပြန်မဖျက်ချင်တဲ့အခါ ကိုယ့်ဇော၊ ကိုယ့်အတ္တနဲ့ကိုယ် မွန်းကြပ်ရတဲ့အခိုက်အတန့်တွေ အများကြီး ဖြတ်ကျော်ခဲ့ရပြီးမှ စာကောင်းတစ်ပုဒ်ထွက်ပါလားလို့ သုံးသပ်မိရပါတယ်။
ဒီလိုအချိန်မှာ ဒီ Christmas Carol စာအုပ်ရေးသားရာမှာ အသက်ဖြစ်တဲ့ လူဆိုးစရိုက်ဇာတ်ကောင် စခရုးဂျ်ကို လူကောင်းအဖြစ်ပြောင်းလဲပေးရတာဟာ တော်တော် မသက်မသာဖြစ်ရတဲ့ ကိစ္စပဲလို့ တွေးမိရပါတယ်။ လူတွေလက်ခံထားတဲ့အရာဟာ မကောင်းတာလုပ်သူဟာ တသက်လုံး မကောင်းသူသာ ဖြစ်ပြီး လူကောင်းဟာ တစ်သက်လုံးဇာတ်လိုက်ဆိုတဲ့ အရိုးစွဲလာတဲ့ အတွေးအခေါ်ကို လှန်ပစ်ရတဲ့ အခြေအနေဖြစ်နေလို့ပါ။
လူအများစုဟာ ကိုယ်ချစ်တဲ့သူတွေ ကိုယ်နှစ်သက်တဲ့သူတွေကို တသက်လုံး တော်သူ၊ ရိုးသူ၊ စိတ်ကောင်းရှိသူအဖြစ်သာ မြင်လိုကြပါတယ်။ ပုံဖော်ကြပါတယ်။ ဒီလိုလူဟာ နည်းနည်းလေးတောင် အမှားမခံပဲ သူတော်စင်အဖြစ်သာ ရှုမြင်ချင်ကြပါတယ်။ တဘက်မှာလည်း လူဆိုးဆိုသူဟာ တသက်လုံး ဘယ်တော့မှ ကောင်းမလာပဲ ဆိုးရွားရက်စက်သူ၊ ယုတ်မာမိုက်ရိုင်းသူ၊ အများအကျိုးမဆောင်ပဲ ကိုယ်ကျိုးကြည့်သူ၊ ကောင်းတဲ့ဘက် ဘယ်တော့မှ ရောက်မလာသူအဖြစ်သာ မြင်ယောင်ကြပါတယ်။
ဒါက လူတယောက်ဟာ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးဆိုတဲ့ အဆိုကို လက်ခံတဲ့အမြင်လို့ ဆိုချင်ပါတယ်။ လူတယောက်ဟာ သေဆုံးသည်အထိ ဘယ်တော့မှ မပြောင်းလဲဘူးလားဆိုတာကို မေးခွန်းထုတ်ရပါလိမ့်မယ်။
ချားလ်က သူ့စာအုပ်ထဲမှာပဲ လူတွေဟာ ပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲခွင့်ရှိပါတယ်။ ပြောင်းလဲဖို့ အခြေအနေ၊ အခွင့်အရေးပေးရင် ပြောင်းချင်ကြသူတွေ အများကြီးရှိပါတယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပေးခဲ့ပါတယ်။ သူ့ဝတ္တုထဲမှာပဲ သေခါနီးအခြေအနေနဲ့ ရင်ဆိုင်လာတဲ့အခါ လူတွေဟာ အပြောင်းအလဲ လုပ်ကို လုပ်ရတယ်ဆိုတဲ့နည်းနဲ့ ဖွင့်ဆိုခဲ့ပါတယ်။
တသက်လုံးဆိုးရွားတယ်လို့ မှတ်ချက်ပြုခံခဲ့ရသူတွေဟာ တချိန်မှာတော့ ပြောင်းလဲသွားနိုင်ကြမှာပါပဲ။ ဒီလိုအပြောင်းအလဲကို ကောင်းသောပြောင်းလဲခြင်းလို့ခေါ်နိုင်မယ်ထင်ပါတယ်။ လူကောင်းအဖြစ် တစ်သက်လုံး သိထားလာပြီးမှ အပြောင်းအလဲတစ်ခုမှာ ထင်မထားတဲ့ အနေအထားတစ်ခုနဲ့ ပြောင်းပြန်ပြောင်းလဲခြင်းကိုကော ကောင်းသော ပြောင်းလဲခြင်းလို့ပြောနိုင်ပါ့မလား။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လူတွေဟာ ဘဝမှာ တသမတ်တည်း မသွားပဲ အပြောင်းအလဲဆိုတာ အမြဲရှိနိုင်တယ်လို့ ခံယူမိပါတယ်။ ကျမတို့ နိုင်ငံမှာကော ဘယ်လိုအပြောင်းအလဲတွေ ကြုံရဦးမှာလဲ။ စခရုူးဂျ်လိုလူတွေကော အများကြီးရှိနေလား။ စခရုးဂျ်လို ပြောင်းလဲသွားနိုင်ကြမလား၊ ပတ်ဝန်းကျင်လူသားတွေအတွက် ကောင်းသောပြောင်းလဲခြင်းတွေနဲ့ ကောင်းသော အရာတွေ ဆောင်ကျဉ်းနိုင်မလားဆိုတော့ သိပ်မကြာခင်တော့ မြင်ရဦးမယ် ထင်မိရပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ဗင်းနစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ရွှေခြင်္သေ့ဆုရခဲ့တဲ့ “Joker” ရုပ်ရှင်
မိုရီဆာကီဝင်းအပေါ် အမြင်ကို ပြောပြတဲ့ သရုပ်ဆောင် အရိုင်း
“စစ်ကား” ရုပ်ရှင်ရိုက်တာ “မုန်းစွဲ” ရိုက်ကူးခဲ့တာထက် ၃ဆ ပိုပင်ပန်းတယ်လို့ ကျော်ကျော်ဗို ပြော
“နေမကောင်းတဲ့ ဝေဠုကျော် မြန်မြန်ကျန်းမာပါစေ” လို့ ဆုတောင်းပေးလိုက်တဲ့ သင်းသင်း