Entertainment

ကွယ်လွန်သူ မင်းသား Paul Walker မွေးနေ့မှာ ဂုဏ်ပြု အမှတ်တရစကား ဆိုခဲ့ကြသူများ

မင်းသား Paul Walker ကွယ်လွန်ခဲ့တာ ၆ နှစ်နီးပါး ရှိခဲ့ပြီ ဖြစ်ပေမယ့် သူပါဝင်ခဲ့တဲ့ “Fast And Furious” ရုပ်ရှင် မိသားစုကတော့ သူ့ရဲ့မွေးနေ့မှာ ဂုဏ်ပြု အမှတ်တရစကားတွေ ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့က ကွယ်လွန်သူ မင်းသား Paul Walker ရဲ့ အသက် ၄၆ နှစ်ပြည့် မွေးနေ့ဖြစ်ခဲ့ပြီး သူ့နဲ့ အတူ “Fast and Furious” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့သူတွေက သူ့ကို သတိတရ ရှိခဲ့ကြတာ တွေ့ရပါတယ်။ အဲ့ဒီလိုမျိုး သတိတရ ဂုဏ်ပြုခဲ့သူတွေထဲမှာ ထိပ်ဆုံးမှာပါဝင်သူက The Rock လို့ သိကြတဲ့ မင်းသား Dwayne Johnson ဖြစ်ပါတယ်။

မင်းသား Johnson က “ကျနော့် သူငယ်ချင်းနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ ပို့စ် မတင်ခဲ့ဖူးပါဘူး။ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အမှတ်တရတွေကို ထိန်းသိမ်းဖို့၊ သီးသန့်ရှိစေပြီး တိတ်ဆိတ်ငြိမ်သက်စေဖို့ ပိုနှစ်သက်ပါတယ်။ ဒီနေ့လိုမျိုး တခုခုကတော့ ကျနော်တို့အားလုံးအတွက် ဘဝက ဘယ်လောက်တောင် ပြိုကွဲလွယ်တယ်ဆိုတာ အမှတ်တရ ဖြစ်စေပါတယ်”

“ဒီနေ့ဟာ Paul ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေက ကမ္ဘာတဝန်းမှာ ဆင်နွှဲကြပါတယ်။ ကျနော်တို့ရဲ့ မိတ်ဆွေသံယောဇဉ်ဟာ ကျနော်တို့ရဲ့ သမီးလေးတွေဖြစ်တဲ့ Meadow နဲ့ Simone ကြားအထိကို ရှိခဲ့တာပါ။ သူတို့ရဲ့ဖခင်တွေအနေနဲ့ ဂုဏ်သိက္ခာနဲ့ အကာအကွယ်ကို ဆောင်ယူခဲ့ကြတာပါ” လို့ Instagram မှာ သူနဲ့ Paul တို့ရဲ့ ဓာတ်ပုံတပုံကို တင်ပြီးရေးခဲ့ပါတယ်။

ဆက်ပြီး မင်းသား Johnson က “မကြာသေးခင်တုန်းက လမ်းပေါ်မှာ တခြားသူငယ်ချင်းတယောက် (Kevin Hart) လည်း ဆုံးရှုံးရမလို ဖြစ်ခဲ့တဲ့ အချိန်မှာ ကျနော်တော်တော်လေး ထိတ်လန့်သွားခဲ့တယ်။ ဒါတွေကြောင့် ဘဝဆိုတာ ဘယ်လောက် လှပ၊ ကြမ်းတမ်းပြီး ခန့်မှန်းရခက်တဲ့ဟာလည်းဆိုတာ တွေးမိလာစေတယ်” လို့လည်း ရေးသားထားပါတယ်။

နောက်ထပ် မင်းသားရဲ့မွေးနေ့အမှတ်တရအတွက် အွန်လိုင်းပေါ်မှာ ရေးသားခဲ့ကြသူတွေထဲမှာ မင်းသား Vin Diesel လည်းပါဝင်ပါတယ်။

 

မင်းသား Diesel က “မင်းကို ပြောစရာတွေ မျှဝေစရာတွေ အများကြီးရှိတယ်။ စကော့တလန်မှာ ငါတို့ ရုပ်ရှင်ရိုက်တုန်းကပေါ့။ ရိုက်ကူးရေး အဖွဲ့သားတွေအတွက် နောက်ဆုံးညမှာ ကြိုးစားခဲ့သူကို ဂုဏ်ပြုပြီး ပါတီလုပ်ခဲ့တယ်။ အဲ့ဒီအတိတ်ကာလတုန်းက ငါတို့အတူတူ ပြုံးပြီး သောက်ခဲ့ကြတာတွေပေါ့”

“ပုံမှန်ဆိုရင် ငါက ဒီနေ့မှာ မင်းအတွက် မွေးနေ့ကိတ်တလုံးတောင် ပြင်ရမှာ။ မျက်ရည်တွေကတော့ ဘယ်တော့မှ မခမ်းခြောက် သွားပေမယ့် ပုံစံပြောင်းပြီး ပူးဆွေးမှုကနေ ကျက်သရေရှိမှုကို ပြောင်းသွားတယ်။ မင်းဂုဏ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ”လို့ ဆိုထားပါတယ်။

အခုလိုမျိုး သတိတရစကား ပြောခဲ့သူတွေထဲမှာတော့ မင်းသား Paul ရဲ့သမီး Meadow လည်း ပါဝင်ပါတယ်။ ကွယ်လွန်သူ ဖခင်နဲ့ သူ့ရဲ့ ဓာတ်ပုံကိုတင်ခဲ့ပြီး သူသိသမျှထဲမှာ ချစ်ဖို့အကောင်းဆုံး စိတ်ဝိညာဉ်အတွက် မွေးနေ့ဆုတောင်း စကား ဆိုခဲ့ပါတယ်။

Ref: etcanada

Loading