ပရိသတ်တွေကို ရယ်မောစရာ ဟာသတွေနဲ့ ဖျော်ဖြေ တင်ဆက်လေ့ရှိတဲ့ ဟာသ သရုပ်ဆောင် မျိုးမျိုးခိုင်ရဲ့ ဖခင်ဖြစ်သူ ဦးဘမောင်ဟာ သြဂုတ်လ ၂၃ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ဖခင်ကို ခြေဆုပ်လက်နယ် မပြုစုခဲ့ရလို့ စိတ်မကောင်းဖြစ်နေတယ်လို့ မျိုးမျိုးခိုင်က ဧရာဝတီကို ပြောပါတယ်။
“အဖေက ကင်ဆာ ဖြစ်နေတာ ကြာပြီ။ သူ့ကို ဓာတ်တွေလည်း ကင်တယ်။ ကျမ ကားရိုက်နေရင်းနဲ့ အဖေဆုံးသွားပြီပြောတော့ ကျမ ဘယ်သူ့ကိုမှ မပြောဘဲ မြန်မြန်ပြန်လာခဲ့တယ်။ ရိုက်ကွင်းက လူတွေ သိလည်း ကိုယ့်အပူ သူတို့ပေးသလို ဖြစ်မှာလေ။ အဲ့တော့ မပေးချင်လို့ ကိုယ့်ဘာကိုယ်ပဲ ပြန်လာလိုက်တယ်”
“ကျမအဖေကို ဆေးလည်း ကုပေးခဲ့ရတယ်။ အဖေက အသေကောင်းတယ်လို့ ပြောရမယ်။ အဖေက တရားလေးနာပြီး အိပ်နေသလိုလေးပဲ အသက်ထွက်သွားတာ။ အဲ့ဒါကြောင့် သူကောင်းရာမွန်ရာပဲ ရောက်ပါစေဆုတောင်းတယ်။ အဖေ့ကို ခြေဆုပ်လက်နယ် မပြုစုခဲ့ရဘူး၊ စိတ်မကောင်းဘူး။ ကျမက ရိုက်ကူးရေး တွေကြောင့် နယ်မှာနေရတာ များနေတာ။ ဆေးဖိုးတွေတော့ ပေးတယ်ပေါ့”လို့ မျိုးမျိုးခိုင်က ပြောပါတယ်။
ဆက်လက်ပြီး မျိုးမျိုးခိုင်က မိဘကို ရှိနေတုန်းမှာ စိတ်ချမ်းသာအောင်ထားပြီး တတ်နိုင်သလောက် လုပ်ပေးပါလို့လည်း ပြောပါတယ်။
“အဖေက ၂ နှစ် လောက်တော့ ကောင်းကောင်း နေလိုက်ရတယ်။ မိဘတွေကို အနီးကပ် မပြုစုပေးရင်တောင် တတ်နိုင်သလောက် နိုင်တဲ့အားလေးနဲ့ ကူညီတာတော့ အကောင်းဆုံးပါပဲ။ အခုဆို ကျမမှာ အဖေရော အမေရော မရှိတော့ဘူး။ ကျမဆို တကောင်ကြွက်လို ဖြစ်သွားပြီ။ ဒါပေမဲ့ နိုင်သလောက် ကုသိုလ်ပဲ လုပ်ပေးရတော့မှာပေါ့။ အဖေအမေ ရှိတုန်းမှာ စိတ်ချမ်းသာအောင် ထားပြီး တတ်နိုင်သလောက်လုပ်ပေးပါ။ မရှိမှ တတာတော့ မရဘူးလေ”လို့ မျိုးမျိုးခိုင်က ပြောပါတယ်။
ဖခင် မရှိတော့ပေမယ့် သားသမီးတွေကိုတော့ အတတ်နိုင်ဆုံး ပံ့ပိုးပေးနေတဲ့ မျိုးမျိုးခိုင်က တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုနေတဲ့ သမီးဖြစ်သူအကြောင်း အခုလိုပဲ ပြောပါတယ်။
“သမီးက တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲ ဖြေနေပါတယ်။ နေက်ဆုံးနှစ်ပြီးရင် သူဘာလုပ်ချင်လဲတော့ မသိဘူးပေါ့။ သူက သင်တန်းတက်တယ်။ ဒါရိုက်တာအလုပ်ကို ဝါသနာပါတယ်လို့လည်း သိရပါတယ်။ သူလုပ်ချင်တာလေးတွေကိုပဲ လုပ်ပေးမယ်။ သမီးကို ကျမက သိပ်မဆုံးမရဘူး။ သူစားမေးပွဲတွေ ဖြေလည်း ကျမက အိမ်မှာမရှိဘူး။ နယ်တွေမှာ ကားတွေ ရိုက်နေရတယ်”
“သမီး ကျူရှင်ဖိုးတွေ၊ ကျောင်းဖိုးတွေ ပေးဖို့ မေမေတို့က အလုပ်တွေ လုပ်နေရတာ အောင်အောင်ဖြေခိုင်းတယ်။ လိမ္မာတဲ့ထဲမှာ သမီးလေးက ပါတယ်လို့ပြောရမယ်။ သမီးကို သရုပ်ဆောင်လုပ်ဖို့ ကျမတို့က ဘာမှမပြောတဲ့အခါ “ဆယ်လီ” ဇာတ်ကားရိုက်ပြီးကတည်းက သိပ်မကမ်းလှမ်းကြဘူး”
“ကလေးတွေက အနုပညာတွေ ဆက်တိုက်လုပ်မှလည်း အနုပညာ ဆက်လုပ်ဖြစ်တာ။ အဲ့အနုပညာဘက် စိတ်ရောက်သွားမှာလည်း စိုးတယ်။ အဲ့ဘက် စိတ်ရောက်သွားရင် ကျောင်းမပြီးမှာစိုးလို့။ ဒါရိုက်တာ လုပ်မယ်ဆိုတော့လည်း ကောင်းတယ်ပေါ့။ ကျမကိုတော့ သူ့ကားထဲ ထည့်ရိုက်ဖို့ မငှားဘူး”လို့ မျိုးမျိုးခိုင်က ပြောပါတယ်။
မျိုးမျိုးခိုင်ကိုတော့ ဇာတ်ပို့ ဇာတ်ရံ ဟာသသရုပ်ဆောင် တယောက်အဖြစ် ဗီဒီယို ဇာတ်ကားတွေကနေ ပရိသတ်တွေ အားပေးလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစုကို ကျော်လာပြီဖြစ်ပြီး လက်ရှိမှာတော့ မိသားစုကို အချိန်ပေးရင်း အနုပညာအလုပ်တွေ လုပ်နေတာ တွေ့ရပါတယ်။
You may also like these stories:
“ထီပေါက်ရင် ခွေးတွေအတွက် ဂေဟာ ဆောက်ပေးချင်တယ်”လို့ မျိုးမျိုးခိုင် ပြော
“အသက်ကြီးလာတော့ လှတာ၊ မလှတာထက် ကာရိုက်တာကို ပီပြင်အောင်ပဲ လုပ်တော့တယ်” လို့ မျိုးမျိုးခိုင် ပြော
“အဖေများနေ့” နဲ့ ပတ်သက်ပြီး အမှတ်တရများ ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ