သီချင်းပုံစံ အသစ်အဆန်းများကို အမြဲဖန်တီး သီဆိုလေ့ရှိတဲ့ အဆိုတော် မိစန္ဒီကတော့ သူ့ရဲ့ ၄ ခွေမြောက် တကိုယ်တော်အခွေမှာ မိန်းကလေး အင်အားကို ပြချင်တဲ့အတွက် သီချင်းများအားလုံးကို ကိုယ်တိုင်ရေးပြီး မိန်းကလေး အဆိုတော်များနဲ့သာ တွဲဖက် သီဆိုထားပါတယ်။
“Featuring က မိန်းကလေးတွေပဲ ဆိုတာက ဒီအခွေမှာ မိန်းကလေး အင်အားကို ပြချင်တာပေါ့နော်။ ခါတိုင်းဆိုရင် ယောက်ျားလေးတွေ ပါတယ်။ ယောက်ျားလေးတွေရဲ့ အင်အားကို သုံးရမှ မဟုတ်ဘူး။ မိန်းမတွေက လုပ်နိုင်တယ်။ Wonder Woman တွေပေါ့။ အရင်ကတည်းကလည်း မိန်းကလေးတွေနဲ့ပဲ အထာကျတဲ့ အခွေတခွေ လုပ်ချင်တာမျိုး ရှိတယ်။ ဒီအခွေထဲမှာပါတဲ့ မိန်းကလေးတွေကလည်း အရင်ကတည်းက တွဲဆိုချင်ခဲ့တဲ့ သူတွေချည်းပဲ”လို့ မိစန္ဒီက ပြောပါတယ်။
ဒီအခွေထဲမှာတော့ မိစန္ဒီနဲ့အတူ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ဂျူဝယ်လ်၊ ဝိုင်းလေး၊ ဆိုဖီယာ၊ အမရာဘုန်းတို့ ပါဝင်သီဆိုထားပြီး ပါဝင်တဲ့ သီချင်း ၁၆ ပုဒ်လုံးကိုတော့ မိစန္ဒီ ကိုယ်တိုင် ရေးသားထားတာ ဖြစ်ပါတယ်။
“မဖြူတို့ဆိုရင်လည်း အရင်ကတည်းက တွဲလုပ်ချင်တယ်။ လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်ဘူး။ ကိုယ်ကလည်း ရှိန်နေတာလည်း ပါတယ်။ သီချင်း တွဲလုပ်ဖို့ကို ဘာသီချင်း တွဲလုပ်ရမလဲ မသိဘူး။ ငယ်ငယ်ကတည်းက အရမ်းအားပေးခဲ့ရတဲ့သူဆိုတော့ မဖြူကိုတွေ့ရင် သေချာတောင် စကား မပြောရဲဘူး”
“အဲ့လိုမျိုး Idol တွေ မိစန္ဒီမှာ အများကြီးရှိတယ်။ ကိုကျားပေါက်တို့ဆိုရင်လည်း စကား မပြောရဲဘူး။ အဲ့လိုမျိုးပေါ့နော်။ ဒီအခွေမှာ သတ္တိရှိရှိနဲ့ ဆိုမယ် လုပ်မယ်ဆိုပြီး ကိုယ်ဆိုချင်တဲ့ မိန်းကလေးတွေနဲ့ တွဲလုပ်လိုက်တာပေါ့နော်”လို့ မိစန္ဒီက ပြောပါတယ်။
အဆိုပါ “သတ္တိခဲ” အခွေကတော့ ယောကျ်ား မုန်းတီးအခွေ မဟုတ်ဘဲ မိန်းကလေးအင်အားကို ပြထားတဲ့အခွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ယောက်ျား မုန်းတီးတဲ့အခွေ မဟုတ်ပါဘူး။ မိန်းကလေးတွေ အင်အားကို ပြတဲ့အခွေ ယောက်ျား မကောင်းကြောင်းတွေ အများကြီးပါတယ်” လို့ မိစန္ဒီက ပြောပါတယ်။
“သတ္တိခဲ”အခွေအတွက် သီချင်းများကိုတော့ မိစန္ဒီက သူ့ဘဝရဲ့ အခက်အခဲဆုံး အချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လဲကျပြီးရင် ပြန်ထရမယ့် သတ္တိလိုတဲ့အနေနဲ့ သီချင်းများကို ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။
“မိစန္ဒီ အခက်အခဲဆုံးအချိန်မှာ လုပ်ထားတာပေါ့နော်။ အရင်က “ပစ်တိုင်းထောင်” ဆိုတဲ့အခွေ ထွက်ထားဖူးတယ်။ အဲ့အချိန်တုန်းကတော့ လဲကျရင် ပြန်ထတယ်။ ပစ်တိုင်းထောင်လိုမျိုးပေါ့။ ကြားထဲမှာ ပြန်ထဖို့အတွက် ဘာလိုလဲဆိုရင် လဲကျပြီးပြန်ထမယ့်အချိန်မှာ သတ္တိလိုတယ်”
“နောက်တခါ ပြန်ထဖို့ ကြိုးစားလည်း ပြန်ကျရင် ပြန်ကျမှာပဲ။ ထပ်ကြိုးစားလည်း ထပ်မလဲဘူးလို့ ဘယ်သူပြောလဲ။ ထပ်ကျကျ၊ မကျကျ မတ်တပ်ရပ်နိုင်သည်ဖြစ်စေ၊ မဖြစ်စေ ငါရအောင် သွားမယ်။ ရအောင် တိုက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သတ္တိခဲဆိုတဲ့ အကြံဉာဏ်ကို ရလာတယ်”လို့ မိစန္ဒီကပြောပါတယ်။
သူ့ဘဝရဲ့ခက်ခဲတဲ့ အချိန်တွေ အကြောင်းကိုတော့ မိစန္ဒီက အခုလိုပဲ ဆိုပါတယ်။
“ခက်ခဲခဲ့တာကတော့ လူမှုရေးပိုင်းဆိုင်ရာပေါ့။ ဘဝက အဆင်မပြေတဲ့ အချိန်တွေ ရှိတယ်။ ကိုယ်ဖြစ်ချင်တာ မဖြစ်တဲ့ အချိန်တွေ ရှိတယ်။ ပင်ပန်းတဲ့အချိန်တွေ ရှိတယ်။ ကျန်းမာရေး မကောင်းတဲ့ အချိန်တွေ ရှိတယ်။ ဒီနှစ်ကုန်လောက်တုန်းကဆိုရင် ဒူးခေါင်းက တော်တော်ဖြစ်တာ”
“ဘာမှသာ မပြောဖြစ်တာ တော်တော်ဖြစ်ပြီးတော့ ၆ လလောက် တော်တော်ခံရတယ်။ အခုအချိန်ထိလည်း နာနေတုန်းပဲ။ ဒဏ်ကြီးတခုလိုဖြစ်သွားတာပေါ့။ အများကြီးပေါ့။ ဘာမှမလုပ်ချင်တော့လောက်အောင် ဘာလုပ်မှာလဲဆိုပြီး ကြုံခဲ့တာပေါ့”လို့ မိစန္ဒီကပြောပါတယ်။
အဆိုတော် မိစန္ဒီရဲ့ “သတ္တိခဲ” အခွေကိုတော့ စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ ရောင်းချသွားမှာဖြစ်ပြီး ပရိုမိုးရှင်း အစီအစဉ်များလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
You may also like these stories:
“Empty Pocket” (မွဲနေပြီ) ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ ပတ်သက်ပြီး မိစန္ဒီ ပြန်တောင်းပန်
မိစန္ဒီနဲ့အတူ ကြမ်းကြမ်းတမ်းတမ်း Music Video ရိုက်ထားတဲ့ နီနီခင်ဇော်
အစားအသောက်ကြိုက်လို့ ဖွင့်လှစ်ထားတဲ့ အဆိုတော် မိစန္ဒီရဲ့ “THEATRE 2”