Entertainment

အချစ်ရေးအကြောင်း ပြောပြတဲ့ အဆိုတော် အိမ့်ချစ်

Want create site? Find Free WordPress Themes and plugins.

အသည်းခဏခဏ ကွဲခဲ့ဖူးတဲ့ အဆိုတော် အိမ့်ချစ်ကတော့ အချစ်ရေးထက် အိမ်ထောင်ရေးမှာ တခုခုဖြစ်မှာကိုကြောက်ခဲ့ပြီး သူ့ရဲ့အချစ်ရေးကိစ္စများကို အခုလို ပြောပြခဲ့ပါတယ်။

“ကိုယ့်စိတ်ကိုတော့ အကောင်းဆုံးကြိုးစား ပြင်ဆင်ရတာပေါ့။ အစတုန်းက အချစ်ရေးထက် အိမ်ထောင်ရေးမှာ တခုခုဖြစ်မှာကို အရမ်းကြောက်တယ်။ ဒါပေမဲ့ ကိုယ်က တွေးတယ်။ ကိုယ့်မိသားစုမှာ ဆိုရင်လည်း အိမ့်ချစ်သာ အမှတ်အတေးတွေနဲ့ ထားနေရင် အိမ့်ချစ်တို့ မိသားစုက ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ အဲ့တော့ အိမ့်ချစ်စိတ်ထဲမှာ ဘာသာရေးတွေ လုပ်နေတာ အလကားလုပ်နေတာမှ မဟုတ်တာ ခွင့်လွှတ်တတ်တဲ့ စိတ်ကို ထားတယ်”လို့ အဆိုတော် အိမ့်ချစ်က ပြောပါတယ်။

မိဘတွေရဲ့အိမ်ထောင်ရေးကလည်း ကံမကောင်းခဲ့တဲ့အတွက် သူ့ရဲ့အလှည့်မှာလည်း ဒီလိုမဖြစ်အောင်တားဆီးလို့ မရတာကြောင့် အိမ်ထောင်ရေးကို ဘယ်လို တည်ဆောက်မယ်ဆိုပြီး မတွေးဖြစ်တော့ဘူးလို့ ဆိုပါတယ်။

“ငါတို့မိဘတွေရော ဘာကြောင့် ဖြစ်ခဲ့တာလဲ။ သူတို့လည်းဖြစ်ချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက်မှာလည်း ကံမပါတဲ့အဆုံး ဒီလိုဖြစ်ခဲ့ရတာ။ ငါ့အလှည့်ကျရင်ရော ဒီလိုမဖြစ်အောင် တားဆီးထားလို့ မရဘူး။ ကံဘယ်လောက် ပါလာမလဲဆိုတာ မသိဘူး။ ကိုယ်နဲ့အတူတူ ရှိနေတုန်းမှာ ကိုယ့်လက်တွဲဖော်ကို အကောင်းဆုံး ဆက်ဆံမယ်။ အိမ်ထောင်ကို မကွဲအောင် ဘယ်လို တည်ဆောက်ထားမယ် စသဖြင့် မတွေးဖြစ်တော့ဘူး”လို့ အိမ့်ချစ်က ပြောပါတယ်။

အိမ့်ချစ်ကတော့ သူ့ဘဝမှာ အရမ်းချစ်ရတဲ့သူတွေ ရှိခဲ့ပြီး အဆင်ပြေမယ်ထင်ပြီး တည်ဆောက်ခဲ့တဲ့ အချစ်ရေးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“အိမ့်ချစ်ဘဝမှာ အရမ်းချစ်ခဲ့တဲ့သူတွေလည်း ရှိတယ်။ တယောက်တည်းလို့တော့ မဆိုလိုပါဘူး။ ပြီးတော့လည်း လမ်းခွဲသွားကြရတဲ့အချိန်မှာ တခါတလေ အိမ့်ချစ်ဆိုရင် အဆင်ပြေမယ်ထင်ပြီးတော့ တည်ဆောက်ခဲ့တဲ့ အချစ်ရေးတွေ ရှိတယ်။ အဆင်မပြေဘဲနဲ့ လမ်းခွဲခဲ့ရတဲ့အခါမှာ တကယ်ကို တရားသဘော ရတယ်။ ငါဘယ်လိုပဲ ကောင်းအောင် တည်ဆောက် တည်ဆောက်၊ အဆင်မပြေချင်ရင်လည်း မပြေတာပါပဲလားဆိုပြီး ကိုယ့်ရဲ့စိတ်ကိုလျှော့ထားလိုက်တယ်”လို့ အိမ့်ချစ်က ပြောပါတယ်။

အိမ့်ချစ်ကတော့ First Year ကတည်းက ရည်းစားထားခဲ့ပေမယ့် အင်တာဗျူးတွေမှာတော့ ထည့်ဖြေလေ့မရှိတဲ့ အကြောင်းကိုလည်း အခုလို ဆိုပါတယ်။

“ရည်းစားတွေဘာတွေ ရရင်တော့ အင်တာဗျူးတွေမှာ လျှောက်မဖြေဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ပြတ်ရင်လည်းပြတ်မှာလေ။ အကြာကြီးတွဲရင်လည်း တွဲမှာလေ။ အခုတောင် ကြည့်ပါလား။ ရည်းစားတွေ အကုန်လုံးကို အွန်လိုင်းမှာ တင်ကြရော။ မိန်းမတွေရတော့ ပရိသတ်တွေက ဗီဒီယိုတွေအောက်မှာ Up Up နဲ့ ရေးကြတော့ တချိန်လုံး တက်နေရော။ အဲ့တော့ လင်မယား ရန်မဖြစ်ဘူးလား။ အဲ့လိုဆိုဘယ်ဖြစ်မလဲ” လို့ အိမ့်ချစ်က ပြောပါတယ်။

ဆက်လက်ပြီး အိမ့်ချစ်က “ယောကျ်ားလေးနဲ့ မိန်းကလေးမှာ ယောကျ်ားလေး အနုပညာရှင်က ဘာမှ မဖြစ်ပေမယ့် မိန်းကလေးကျတော့ ကိုယ်ယူထားတဲ့ အိမ်ထောင်ဖက်က တချိန်လုံး လက်ညိုးထိုးနေမယ်ဆိုရင် အဆင်မပြေဘူးလေ။ ကိုယ့်ကို တကယ် လက်ထပ် ပေါင်းသင်းမယ့် လူမျိုးဆိုရင်တော့ မီဒီယာတွေ အပေါင်းအသင်းတွေ ရှေ့ကို လက်ဆွဲပြီး မိတ်ဆက်ပေးမှာပေါ့”လို့ ပြောပါတယ်။

အဆိုတော် အိမ့်ချစ်ကတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ မောင်ဖြစ်သူ ဂျူနီယာ ချစ်ကောင်းနဲ့ တဝက်စီ လုပ်ထားတဲ့ အခွေ ထွက်ဖို့ရှိပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လကိုလည်း Music Tour သွားဖို့ ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

မိန်းကလေးတွေအတွက် လှုပ်ရှားမှု တခုမှာ ပါဝင်မယ့် အဆိုတော် အိမ့်ချစ်

“ASEAN Song Contest 2019” ပြိုင်ပွဲမှာ 2nd Runner Up ဆု ရရှိခဲ့တဲ့ အဆိုတော် အိမ့်ချစ်

“ပြန်ဆိုတေးကို နားမလည်ဘဲ ဝေဖန်တာ လုံးဝ ဂရုမစိုက်ဘူး”လို့ ပြောတဲ့ အိမ့်ချစ်

ဂျူနီယာချစ်ကောင်းအတွက် အများကြီး ကြိုးစားပေးသွားမယ့် အစ်မဖြစ်သူ အိမ့်ချစ်

Did you find apk for android? You can find new Free Android Games and apps.
Loading