ကမ္ဘာကျော် အဆိုတော်၊ မင်းသမီး ဂျန်နီဖာလိုပက်ဇ် (Jennifer Lopez) ပါဝင်ထားတဲ့ “Hustlers” ရုပ်ရှင်ဟာ မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ဒေါ်လာ ၃၃ ဒဿမ ၂ သန်း ရရှိခဲ့တာကို တွေ့ရပါတယ်။
ကောင်းမွန်တဲ့ သုံးသပ်ချက်တွေနဲ့ ချီးမွမ်းပြောဆိုမှုတွေကြောင့် “Hustlers” ရုပ်ရှင်ဟာ ခန့်မှန်းချက်တွေထက် ကျော်လွန်အောင် ဝင်ငွေ ရရှိခဲ့ပြီး နာမည်ကျော် စတားနှစ်ဦးဖြစ်တဲ့ Lopez နဲ့ မင်းသမီး Constance Wu ကို ပိုပြီး လူကြိုက်များ အားပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဒါရိုက်တာ Lorene Scafaria ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ၂၀၁၅ ခုနှစ်တုန်းက နယူးယောက် မဂ္ဂဇင်းမှာ ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ကို အခြေခံထားတာဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ စီးပွားရေးပျက်ကပ် ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ငွေချူစားသူ ဝတ်လစ်စားလစ် အမျိုးသမီး အဖွဲ့တဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စပြီး ရုံတင်တဲ့ ရုပ်ရှင်တချို့ရှိပေမယ့် ခန့်မှန်းထားတာလောက် ကံမကောင်းခဲ့ပါဘူး။ Donna Tartt ရဲ့ ပူလစ်ဇာဆုရ ဝတ္ထုကို အခြေခံ ရိုက်ကူးထားတဲ့ “The Goldfinch” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၆ သန်းသာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီရုပ်ရှင်ဟာ အဖွင့်သီတင်းပတ်မှာ ဒေါ်လာ ၁၂ သန်းလောက် ရရှိလိမ့်မယ်လို့ ခန့်မှန်းထားတာလည်း ဖြစ်ပါတယ်။
ထုတ်လုပ်ကုန်ကျစရိတ် ဒေါ်လာ သန်း ၄၀ ရှိတဲ့ အဲ့ဒီ ထူးခြားဆန်းကြယ် ရုပ်ရှင်မှာတော့ မင်းသား Ansel Elgort က စိတ်မကောင်းဖြစ်ဖွယ် ဖြစ်ရပ်တခုမှာ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အနုပညာပစ္စည်းအတုလုပ်သူ ဖြစ်လာခဲ့တဲ့ လူငယ်တဦး အဖြစ် သရုပ်ဆောင်ထားပါတယ်။
“The Goldfinch” ရုပ်ရှင်က အခြေအနေကောင်းပေမယ့် Warner Bros ကတော့ ရုံဝင်ငွေ စာရင်းတွေကို စိုးမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒုတိယမြောက် သီတင်းပတ်အနေနဲ့ ရုံတင်ခဲ့တဲ့ “It: Chapter Two” ရုပ်ရှင်ကတော့ မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ နံပါတ် ၁ နေရာမှာ ရှိနေခဲ့ပါတယ်။
အဲ့ဒီ သည်းထိတ်ရင်ဖို ရုပ်ရှင်ဟာ ဒေါ်လာ သန်း ၄၀ ဝင်ငွေ ထပ်ရခဲ့ပြီး အခုဆိုရင် ဒေါ်လာ ၁၃၅ သန်းဝင်ငွေ ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ စာရေးဆရာကြီး Stephen King ရဲ့ သည်းထိတ်ရင်ဖို ဝတ္ထုကို အခြေခံထားတဲ့ ပထမရုပ်ရှင်နဲ့ အခု ဒုတိယရုပ်ရှင်နှစ်ခု ပေါင်းရင် ဒေါ်လာ ၁ ဘီလီယံကျော် ရရှိထားပြီလည်း ဖြစ်ပါတယ်။
Lionsgate ရဲ့ “Angel Has Fallen” ရုပ်ရှင်ကတော့ ရုံတင်တဲ့ စတုတ္ထမြောက် သီတင်းပတ်မှာပဲ ဒေါ်လာ ၄ ဒဿမ ၄ သန်းရရှိခဲ့ပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။ စတုတ္ထနေရာမှာ ရပ်တည်နေတာက Universal ရဲ့ ဟာသဇာတ်မြူးရုပ်ရှင် “Good Boys” ဖြစ်ပြီး ဒေါ်လာ ၄ ဒဿမ ၂ သန်းရရှိခဲ့ပါတယ်။
ထိပ်တန်းရုပ်ရှင် ၅ ကားထဲမှာတော့ Disney ရဲ့ “The Lion King” ရုပ်ရှင်ပါဝင်ပြီတော့ နဝမမြောက် ရုံတင်သီတင်းပတ်မှာပဲ ဝင်ငွေ ဒေါ်လာ ၅၃၄ သန်းရရှိထားခဲ့ပြီး ဖြစ်ပါတယ်။
Ref:Reuters
You may also like these stories:
Jennifer Lopez နဲ့အတူ ဖြစ်ရပ်မှန်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Constance Wu
ကြွက်သားတွေနဲ့ မက်မောဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းကို လှစ်ဟပြလိုက်တဲ့ Jennifer Lopez
ရုံဝင်ငွေ ၉၁ သန်းနဲ့ ပွဲဦးထွက်လာတဲ့ “IT Chapter Two” ရုပ်ရှင်
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Angel Has Fallen” ရုပ်ရှင်