မောင်လေးတွေနဲ့ Music Video ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အဆိုတော် ပိုပို
Music Video တွေကို အမြဲတမ်း ထူးခြားအောင် ဖန်တီးလေ့ရှိတဲ့ အဆိုတော် ပိုပိုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သရုပ်ဆောင် အသစ်တွေဖြစ်ကြတဲ့ မင်းသွေးခန့်နဲ့ သရုပ်ဆောင် ကိုကိုဦးရဲ့သားဖြစ်သူ သီဟအောင်တို့နဲ့ Music Video ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်ငယ်တဲ့ ကောင်လေးတွေနဲ့ ရိုက်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပိုပိုက အခုလို ပြောပြခဲ့ပါတယ်။
“မင်းသွေးခန့်က သင်စရာ မလိုဘူး။ သူက ကိုယ့်ကိုတောင် ပြန်သင်သွားတယ်။ ဟိုကောင်လေးကကျတော့ အရမ်းငယ်တယ်လေ။ သူ့ကိုတော့ ဘာလုပ်ရမယ်ဆိုတာကို ပြောပြရတယ်။ သူကလည်း Music Video မရိုက်ဖူးသေးဘူး ဆိုတော့လေ။ ဒါပေမဲ့ မင်းသွေးခန့်ကလည်း တော်တယ်။ သီဟအောင်ကလည်း တော်တယ်။ ပြောပြလိုက်ရင် ရတယ်။ ကိုယ်က မောင်လေးတွေရဲ့နောက်ကိုလိုက်တာပါ။ မမက ဦးမဆောင်ပါဘူး”လို့ ပိုပိုက ပြောပါတယ်။
နှုတ်ခမ်းနီမလေးများရဲ့ချစ်ခင်မှု ရရှိထားတဲ့ သရုပ်ဆောင် မော်ဒယ် မင်းသွေးခန့်နဲ့ “သံယောဇဉ်လက်ကျန်” ဆိုတဲ့သီချင်းကို ရိုက်ကူးထားပြီး သီဟအောင်နဲ့ကတော့ “Marry me & Love Me kiss you” သီချင်းကို ရိုက်ကူးထားတာလို့ သိရပါတယ်။
“Marry me & Love Me kiss you ကို Acoustic ပုံစံလေးရယ် နောက်ပြီး “သံယောဇဉ်လက်ကျန်”ရယ်ကို ရိုက်ထားပါတယ်။ ပုံစံကတော့ မင်္ဂလာဆောင်တဲ့အချိန်မှာ ကောင်လေးနဲ့ ကောင်မလေး ဖြစ်နေကျပုံစံမျိုးပဲ ရိုက်ထားတာပါ။ ရိုမန့်တစ်တော့ ဆန်တာပေါ့။ နောက်တယောက်ကျတော့လည်း အချစ်ဇာတ်လမ်းလေးပေါ့”လို့ ပိုပိုက ပြောပါတယ်။
ဒီသီချင်းလေးတွေကိုတော့ ၉ လပိုင်းမှာ ထွက်ရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပိုပိုက မကြာခင်မှာလည်း သူမရဲ့တကိုယ်တော်ရှိုးပွဲကို ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီအတွက်လည်း ပြင်ဆင်မှုများ၊ လေ့ကျင့်မှုများပြုလုပ်နေတယ်လို့ သိရပါတယ်။
“Show မတိုင်ခင်မှာ ကိုယ့်သီချင်းတွေကို နေ့တိုင်းပြေးရင်းပြေးရင်းနဲ့ အပုဒ် ၃၀ လောက် လေ့ကျင့်သွားမယ်။ အဲဒါမှ ပွဲဖြစ်တဲ့အချိန်မှာ အမောခံပြီးဆိုနိုင်မှာ။ နောက်ပြီးတော့ ပိုပိုက ဒေါက်ဖိနပ်စီးလေ့ မရှိဘူး။ အခုတော့အိမ်မှာ ဒေါက်ဖိနပ်ကြီး စီးပြီးလိုက်ကနေတယ်။ ကိုယ်ကမိန်းမ အရမ်းမဆန်တော့ မိန်းမဆန်အောင်နေရတယ်” လို့ ပိုပိုကပြောပါတယ်။
တကိုယ်တော်ရှိုးပွဲကိုတော့ ဒီဇင်ဘာလအတွင်း မန္တလေးမြို့မှာပြုလုပ်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်ထိန်းသိမ်းမှုများလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ပိုပိုက မနက်မိုးလင်းတာနဲ့ တီဗီရှေ့မှာ နိုင်ငံခြားသီချင်းတွေနဲ့ လိုက်ကတယ်၊ လိုက်ဆိုတယ်။ အခု ၃ ပေါင်လောက် ကျသွားတယ်။ မြန်ပါတယ်။ ၅ ရက်လောက်မှာတင် ၃ ပေါင်လောက် ကျသွားတယ်။ ပြီးတော့ Gym ကိုကောင်းကောင်း သွားဆော့တယ်။ ဗိုက်တွေဘာတွေဆို ချပ်နေအောင်ဆော့တယ်။ အဓိကကတော့ အားကစားလုပ်ရင်းနဲ့ သီချင်းလိုက်ဆိုတာပေါ့”လို့ ပိုပိုက ပြောပါတယ်။
Body Goal အနေနဲ့လည်း ပိုပိုက “၁၁၀ လောက်ထိတော့ မှန်းထားတယ်။ ဒါပေမဲ့ အဲ့လောက်ထိ မကျသွားရင်တောင် ၁၁၅ ပေါင်လောက်ထိတော့ ချမယ်။ ပိုပိုက ခပ်မိုက်မိုက် ကောင်မလေးတွေဆို ကြိုက်တာကိုး။ ခါးသေးပြီးတော့ တင်ပါးကိတ်တဲ့ ကောင်မလေးတွေကို ကြိုက်တယ်။ ပိန်တဲ့ကောင်မလေးတွေက ချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ အရမ်းပိန်တာမျိုးတော့ မကြိုက်ဘူး။ ကိုယ်တိုင်လည်းကိတ်တဲ့ ကောင်မလေးတွေဆို လိုက်ကြည့်တယ်” လို့ ပြောပါတယ်။
သီချင်းတွေကိုချစ်တဲ့ ပိုပိုကတော့ကိုယ်တိုင်လည်း ကိုယ်ပိုင် စတူဒီယို တခု ဖွင့်ထားကာ သီချင်းများစွာကို ဖန်တီးနေပြီး သီတင်းကျွတ်မှာလည်း သူမရဲ့သီချင်းအသစ်တပုဒ်ဖြစ်တဲ့ “Holiday” ဆိုတဲ့ သီချင်း ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။