မြန်မာနိုင်ငံမှာ Rock ဂီတအမျိုးအစား သီဆိုကြတဲ့ အမျိုးသမီး အဆိုတော်တွေ အရေအတွက်က လက်ချိုးရေလို့ ရပါတယ်။ အဲ့ဒီအထဲမှာ တယောက် အပါအဝင်ဖြစ်တဲ့ အဆိုတော် လိမ္မော်သီးဟာ မကြာခင်မှာ ထွက်ရှိမယ့် သူမရဲ့ တကိုယ်တော်အခွေမှာ မြန်မာနိုင်ငံရဲ့ Rocker ကြီးတဦးဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့ စုံတွဲ သီချင်း သီဆိုဖို့ရှိတယ်လို့ သိရပါတယ်။
“ဦးညီထွဋ်ကိုက ပြောထားတာကြာပြီ။ အခွေလုပ်နေတာက မပြီးသေးတော့ ပြီးရင်သူ့ကိုလာပြ သီချင်းရွေးမယ်ပေါ့။ ဒါပေမဲ့ အောက်တိုဘာမှာ ထွက်ချင်တာဆိုတော့ နည်းနည်းကပ်နေတာ။ အခွေ Mixing တွေပြီးမှ သွားပြပြီး နားထောင်ဖို့ပြောရမှာ။ အခွေက ၄ နှစ်လောက်ကြာနေတော့ ဦးက သီချင်းအဟောင်းပဲဆိုလို့ပြောတယ်။ အခြေအနေအရပဲ အမှတ်တရ တခုအနေနဲ့ ဆိုချင်တာပါ” လို့ လိမ္မော်သီးက ပြောပါတယ်။
တကိုယ်တော်အခွေအတွက် စီစဉ်နေတာ ၄ နှစ်တာအချိန်ကာလကြာခဲ့ပြီဖြစ်ပြီး လိမ္မော်သီးက သူရဲ့မွေးနေ့ အမီအခွေထွက်ချင်တာကြောင့် အောက်တိုဘာမှာထွက်ရန်စီစဉ်ထားတယ်လို့ သိရပါတယ်။
“အခွေကို အောက်တိုဘာမှာ မှန်းထားတယ်။ မွေးနေ့ မီရင်မီ၊ မမီရင်တော့ အောက်တိုဘာလကုန်တော့ သေချာတယ်။ အခွေကပြီးနေပြီ။ သီချင်းက အားလုံးပေါင်းက ၁၂ ပုဒ်ပေါ့။ တကယ်လို့ ဦးညီထွဋ်က သူနဲ့စုံတွဲဆိုဖို့ရှိတော့ မီတယ်ဆိုရင် ၁၃ ပုဒ် ဖြစ်သွားမယ်။ အခွေကတော့ အောက်တိုဘာမှာ ထွက်ချင်နေပြီ” လို့ လိမ္မော်သီးက ဆိုပါတယ်။
အဆိုတော် ဇော်ဝင်းထွဋ်နဲ့ တွဲဖက် သီချင်းသီဆိုရမယ့်အတွက် သူ့ရဲ့စိတ်ခံစားချက်ကိုလည်း လိမ္မော်သီးက အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ဦးရဲ့သီချင်းတွေအားလုံးကို အားပေးတယ်။ ဒီသီချင်းတွေနဲ့ ကြီးလာတယ်။ အရွယ်ရောက်လာတဲ့အခါမှာဦးသီချင်းတွေနဲ့ နားထောင်ဖြစ်တယ်။ နောက်ပြီးတော့ ဦးကို ချစ်လည်း ချစ်တယ်။ ဦးက အရမ်းကို အနုပညာစိတ်ပြည့်ဝတဲ့ အဆိုတော်ကြီးပေါ့နော်”
“အခုအချိန်ထိလည်း အောင်မြင်မှုကိုထိန်းထားနိုင်ပြီးတော့ လုံးဝ Rocker ပေါ့။ ချစ်တယ်ဆိုတာက ကိုယ့်ရဲ့ အဖေလို ဦးလေးလိုပေါ့။ အရမ်းကို စိတ်ပြည့်တယ်”လို့ လိမ္မော်သီးက ပြောပါတယ်။
ဒီအခွေထဲမှာလည်း ညီမဖြစ်သူ ဝေလာရီနဲ့အတူ သီဆိုထားတဲ့ “မျက်ဝန်းညို” သီချင်းကိုလည်း ပြန်ထည့်သွားမယ်လို့ သိရပါတယ်။
“မျက်ဝန်းညိုကို ညီမလေးနဲ့ ဆိုတယ်။ သင်္ကြန်တုန်းက သင်္ကြန်ရေသီချင်းကို Remix ပြန်ဆိုတယ်။ နောက်ထပ်သီချင်း အသစ်တပုဒ် ထပ်လာဦးမယ်။ ညီမလေးက အဲ့လိုရှေ့မှာထွက်ထားတော့ သီချင်းဆိုတဲ့နေရာမှာလည်း သူ့ပရိသတ်နဲ့ သူရှိတော့ အခြေအနေ မဆိုးဘူးလို့ ထင်တာပဲ” လို့ လိမ္မော်သီးက ပြောပါတယ်။
ညီမဖြစ်သူ ဝေလာရီကတော့ အခုအချိန်မှာ MRTV-4 ဇာတ်လမ်းတွဲ ရိုက်ကူးနေပြီး ပရိသတ် အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင်တယောက် ဖြစ်နေတဲ့အတွက် နောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကိုပဲ ပိုလုပ်စေချင်တယ်လို့ ပြောပါတယ်။
အဆိုတော် လိမ္မော်သီးနဲ့ ညီမဖြစ်သူ ဝေလာရီတို့ဟာ အသက် ၈ နှစ် ကွာတဲ့ ညီအစ်မ နှစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့ နှစ်ယောက်လုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ကိုယ်စီနဲ့ လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။
You may also like these stories:
Sai Sai Birthday Show အတွက် ဝတ်စုံ ၁၀၀ ဖန်တီးချုပ်လုပ်ပေးတဲ့ ဇော်ဝင်းထွဋ်ရဲ့ သမီး ချံချံ
“အခုခေတ်က နေရာတိုင်းမှာ သွန်သင်ဆုံးမမှု နည်းနေတဲ့သဘော ဖြစ်နေတယ်”
“တကယ့် ဂီတပညာရှင်နဲ့ သူ့ဘာသာသူ စန်းထပြီး နာမည်ကြီးတာ မတူဘူး”