Entertainment

ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းခံထားရတဲ့ အဆိုတော် ဖြိုးမြတ်အောင်

Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 3 ရဲ့ Winner ဖြစ်ခဲ့တဲ့ အဆိုတော် ဖြိုးမြတ်အောင်က သီချင်းဆိုတာအပြင် ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပြီး ဇာတ်ကား ရိုက်ကူးဖို့ အတွက်လည်း ကမ်းလှမ်းခံထားရတယ်လို့ ဆိုပါတယ်။

“လတ်တလောမှာတော့ သီချင်းတွေ အွန်လိုင်းကနေ ထွက်ဖို့ရှိသလို ၂၉ ရက်နေ့လည်း သီချင်းခွေ ထွက်ဖို့ရှိတယ်။ နောက် မအေးသောင်းနဲ့လည်း ကြော်ငြာရိုက်ဖို့ ရှိပါတယ်။ မအေးသောင်းနဲ့လည်း ပုဆိုးကြော်ငြာလေး ရိုက်ဖူးတယ်။ သူလည်း သင်ကြားပေးပါတယ်။ အရမ်းလည်း ခင်ဖို့ကောင်းပါတယ်။ ကျနော့်ကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းထားတာတော့ ရှိတယ်။ ကျနော် တိုင်ပင် စဉ်းစားနေတုန်းပါ။ ရိုက်ဖြစ်ရင်တော့ပြောပါမယ်”

“ကျနော် ရိုက်ဖြစ်ရင် အရင်တုန်းက နယ်မှာနေတုန်းက ပုံစံမျိုး သရုပ်ဆောင်ချင်တယ်။ အခု လာကမ်းလှမ်းတဲ့ ကာရိုက်တာကတော့ အခု ကျနော် လက်ရှိရောက်နေတဲ့ ပုံစံမျိုးနဲ့တော့ တူတယ်။ ကျနော့် သီချင်းခွေကို City Mall မှာ ပရိုမိုးရှင်းလုပ်မှာပါ။ ကျနော့် ခွေလေးလည်း အားပေးကြဖို့ ပြောချင်ပါတယ်။ သီချင်းခွေထဲမှာတော့ သီချင်းပုံစံမျိုးစုံ ထည့်ထားတယ်”လို့ ဖြိုးမြတ်အောင်က ဧရာဝတီကို ပြောပါတယ်။

ဖြိုးမြတ်အောင်က မကြာသေးခင် ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ Shwe FM ရဲ့ ဆုချီးမြှင့်ပွဲမှာ Shwe FM Facebook Page ကနေ သီချင်းတောင်းခံရမှု အများဆုံး အမျိုးသားအဖြစ် “သင့်အတွက် မနက်ဖြန်” ဆိုတဲ့ သီချင်းနဲ့ ဆုရရှိခဲ့တဲ့အတွက်လည်း အရမ်းဝမ်းသာတယ်လို့ ဆိုပါတယ်။

“ကျနော် Shwe FM မှာ ဆုရတာ မထင်မှတ်ပဲ ရတော့ အရမ်းဝမ်းသာရတယ်။ ကျနော် ဒီဆုကို ရတဲ့အတွက် ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ဒီထက်လည်း ပိုကြိုးစားသွားပါမယ်။ အခုချိန်ထိလည်း အားပေးကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျနော်ဘဝအတွက်တော့ လျှောက်လှမ်းရမယ့် ဂီတလမ်းမှာ မှတ်တိုင်တခုလို့ပြောလို့ရတယ်။ ကျနော် ရောက်နေတဲ့ အခြေအနေကိုတော့ အောင်မြင်တယ်လို့ လက်မခံနိုင်သေးပါဘူး”

“ဒီထက် ပိုကြိုးစားရဦးမှာပါ။ ကျနော်အခု အနုပညာလမ်းကြောင်း လျှောက်လှမ်းခါစပဲ ရှိပါသေးတယ်လို့ ခံယူထားပါတယ်။ ကျနော့်ရဲ့ ‘သင့်အတွက် မနက်ဖြန်’ သီချင်းလေးကို ချမ်းမြေ့မောင်ချိုလည်း ဆိုလို့ရတယ်။ ကျနော်လည်း ဆိုလို့ရတယ်။ ကျနော် မပေးရင် သူဆိုလို့ မရဘူး။ ဒီသီချင်းက Winner တယောက်ပဲ ဆိုခွင့်မရှိဘူး။ အဲ့အတွက် သူလည်း ဆိုလို့ရအောင် ပေးဆိုတာပါ”လို့ ဖြိုးမြတ်အောင်က ပြောပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြပြီး လက်ရှိမှာတော့ သူ့ရဲ့ တကိုယ်တော်ခွေထွက်ဖို့အတွက် ကြိုးစားနေပါတယ်။

You may also like these stories:

မိန်းကလေး ပရိသတ်တွေ ကြိုက်မယ့် သီချင်းတွေပါ ဆိုတော့မယ့် ဖြိုးမြတ်အောင်

“ကောင်းတာဝေဖန်ရင်ခေါင်းထဲထည့်တယ် မကောင်းတာပြောရင် ခေါင်းထဲမထည့်ဘူး”

Loading