တောင်ကိုရီးယား အဆိုတော်၊ မင်းသား Park Yoo Chun ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း တရားစွဲဆိုခံထားရပြီး သူ မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ အမျိုးသမီး ၄ ဦးထဲက တဦးကို နစ်နာကြေးပေးရမယ်လို့ ဒေသဆိုင်ရာ တရားရုံးမှ အမိန့်ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။
ဆိုးလ်တရားရုံးရဲ့ ကြားဝင်စေ့စပ်ရေး စင်တာကနေ A လို့ အမည်ပေးထားတဲ့ အမျိုးသမီးတဦးဟာ အသက် ၃၂ နှစ်အရွယ် မင်းသား Park ကို စွဲချက်တင်ထားတဲ့ ထိခိုက်နစ်နာစေမှုအတွက် ဇူလိုင်လ ၁၅ ရက်နေ့မှာ တရားရုံးကနေ အခုလို ဆုံးဖြတ်ပေးခဲ့တာလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အဲ့ဒီ ကြားဝင်စေ့စပ်ရေး စင်တာကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ မင်းသား Park ကို ဆင့်ခေါ်ခဲ့ပြီး သီတင်းနှစ်ပတ်ကြာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် တရားရုံးကနေ ဝမ်သန်း ၁၀၀ နီးပါး တန်ဖိုးရှိတဲ့ နစ်နာကြေးကို ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ မင်းသား Park အနေနဲ့ အမျိုးသမီး A ကို နစ်နာကြေးပေးမှာလားဆိုတာကို သေသေချာချာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။ အမျိုးသမီး A ရဲ့ ရှေ့နေကတော့ အခုလိုမျိုး နစ်နာကြေး ချမှတ်လိုက်တာကို အတည်ပြုခဲ့ပေမယ့် နစ်နာကြေး ပမာဏ အတိအကျကိုတော့ အချိန် ၁ လကြာ လျှို့ဝှက်ထားရမှာ ဖြစ်တဲ့အတွက် အသေးစိတ်ကို ထုတ်ပြောခဲ့တာ မရှိခဲ့ပါဘူး။
အမျိုးသမီး A အနေနဲ့ မင်းသားက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုမယ်ဆိုရင် နစ်နာကြေးပေးဆောင်ရန် အမိန့်ကို ဖီဆန်တဲ့အတွက် မင်းသားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့အထိ စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။
အခုကြားဝင်စေ့စပ်ရေး လုပ်ငန်းစဉ်ဟာ တရားရုံးအမိန့်တခုလိုပဲ အလားတူ အကျိုးသက်ရောက်မှု ရှိပြီး တကယ်လို့ တရားခံက လိုက်နာမှုမရှိဘူးဆိုရင် အင်အားသုံးနိုင်တယ်လို့လည်း သိရပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက A အပါအဝင် အမျိုးသမီး ၄ ဦးဟာ မုဒိမ်းကျင့်ခံခဲ့ရတယ်ဆိုပြီး မင်းသား Park ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ မုဒိမ်းမှု ဖြစ်ရပ်က ၂၀၁၄ ခုနှစ်မှာစတင်ခဲ့ပြီး နောက်ဆုံးဖြစ်စဉ်ကတော့ ၂၀၁၆ ခုနှစ် ဇွန်လမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ မင်းသား Park ကတော့ အမျိုးသမီး A ရဲ့ ပြောဆိုချက်ဟာ အခြေအမြစ် မရှိဘူးလို့ဆိုပြီး တရားရုံးမှာ အဲ့ဒီ အမျိုးသမီးကို မှားယွင်း စွပ်စွဲမှုနဲ့ တရားစွဲဆိုခဲ့ပေမယ့် အထူးတရားရုံးက အမျိုးသမီးက လွန်ခဲ့တဲ့ နှစ်မှာပဲ တရားသေလွှတ်ပေးခဲ့ပါတယ်။
အဲ့ဒီနောက် အမျိုးသမီး A က ဝမ် သန်း ၁၀၀ နစ်နာကြေး ရလိုမှုအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာပဲ ဆိုးလ်ဗဟိုခရိုင် တရားရုံးမှာ မင်းသား Park ကို တရားစွဲဆိုခဲ့ပါတယ်။ သီးခြားအမှု အနေနဲ့ ဒေသဆိုင်ရာ တရားရုံးတခုကနေ တရားမဝင် မူးယစ်ဆေးသုံးစွဲခဲ့မှုအတွက် အခုနှစ် ဇူလိုင်လမှာ မင်းသား Park ကို ထောင်ဒဏ် ၁၀ လကို ဆိုင်းငံ့ ၂ နှစ်အဖြစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
Ref: Yonhap
You may also like these stories:
မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ မင်းသား Park Yoo Chun ဆိုင်းငံ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ
BigBang အဖွဲ့ဝင်ဟောင်း Seungri အတွက် ဖမ်းဝရမ်း ရဲတပ်ဖွဲ့ တောင်းခံ
ကိုရီးယားစတားတို့ရဲ့ သတင်းဆိုးများကြောင့် တောင်ကိုရီးယား ခရီးသွားလုပ်ငန်း ထိခိုက်နေရ