Entertainment

သက်ထားသူဇာနဲ့ “ချစ်ချစ်တုံး” ဆိုတဲ့ Music Video ရိုက်ကူးထားတဲ့ အဆိုတော် ရဲလေး

နိုင်ငံ့ဂုဏ်ဆောင် ကြက်တောင်မယ် တယောက်ဖြစ်တဲ့ သက်ထားသူဇာနဲ့အတူ “ချစ်ချစ်တုံး” ဆိုတဲ့သီချင်း Music Video ကို ရိုက်ကူးဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အဆိုတော် ရဲလေးက အခုလို ပြောပြခဲ့ပါတယ်။

“အရင်တုန်းကလည်း မင်းသား၊ မင်းသမီးအသစ်လေးတွေနဲ့ ပူးပေါင်းလုပ်ပြီး သရုပ်ဆောင်ပါတယ်။ MTV လေးတွေမှာ သရုပ်ဆောင်ပါတယ်။ အဲဒါ ကျနော် စဉ်းစားထားတာကြာပြီပေါ့။ ညီမလေး သဲသဲ (သက်ထားသူဇာ) နဲ့ သရုပ်ဆောင်မယ်ဆိုပြီး စဉ်းစားထားတာကြာပါပြီ။ နောက်လာမယ့် သီချင်းအသစ်တွေရှိသေးတယ်။ မထင်ထားတဲ့လူတွေ လာဦးမယ်” လို့ ရဲလေးက ပြောပါတယ်။

အဆိုပါ Music Video ရဲ့ဇာတ်လမ်းကိုတော့ ရဲလေးက သူကိုယ်တိုင် စဉ်းစားထားတာဖြစ်ပြီး သက်ထားသူဇာကိုလည်း ခက်ခက်ခဲခဲ မသင်ပေးခဲ့ရဘူးလို့ ဆိုပါတယ်။

“ကျနော်ကိုယ်တိုင် စဉ်းစားထားတဲ့ ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ခက်ခက်ခဲခဲတော့ သင်ပေးစရာ မရှိပါဘူး။ Relax ဖြစ်အောင် သရုပ်ဆောင်မယ်။ ညီမလေး ဒီလိုဒီလိုလေးပေါ့။ စလာကတည်းကိုက အကြမ်းကြီးတွေ အတည်ကြီးတွေ သွားလုပ်ရင် လူတိုင်းကကြောက်ပြီး ထွက်ပြေးသွားလိမ့်မယ်။ ပေါ့ပေါ့ပါးပါးနဲ့ သရုပ်ဆောင်ပါ။ သူငယ်ချင်းတွေ စိတ်ကောက်နေတဲ့ပုံစံမျိုး ပြီးတော့ စိတ်ကောက်ပြေသွားတဲ့ပုံစံမျိုး အချစ်သီချင်းလေးပါပဲ” လို့ ရဲလေးကပြောပါတယ်။

ဆက်လက်ပြီး “အားလုံးအဆင်ပြေခဲ့ပါတယ်။ ညီမလေးက Talent တော်တော်ရှိတဲ့ အားကစားသမားတယောက်ပေါ့။ ထပ်ပြီးတော့ နိုင်ငံ့ဂုဏ်ဆောင်တဲ့ပွဲတွေ ယှဉ်ပြိုင်ဦးမယ်။ သူ့အတွက် ကျနော်တို့ အမြဲတမ်းအားပေးတယ်။ ကိုယ့်ညီမ ကိုယ့်သူငယ်ချင်းလို ဝန်းရံပါတယ်ဆိုတာကို အမြဲတမ်းပြောဖြစ်တယ်”

“ သူကတော့ သရုပ်ဆောင်ဘက်ကို မသွားဘူးပေါ့။ ဒါကတော့ ကျနော့်သီချင်းမှာ အမှတ်တရဖြစ်အောင် သရုပ်ဆောင်တာပေါ့။ ဘာပဲပြောပြော ကျနော်ကံကောင်းတယ်။ ပျော်ရတာပေါ့နော်”လို့ ရဲလေးကပြောပါတယ်။

“ချစ်ချစ်တုံး” Music Video ကိုတော့ YLJK Entertainment မှ လာမယ့် ၁၈ ရက်နေ့မှာ တင်ဆက်ပေးသွားမှာဖြစ်ပြီး YLJK မှ သရုပ်ဆောင်အသစ်များ အဆိုတော်အသစ်မျာနဲ့ ပူးပေါင်းတင်ဆက်မှုများပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရဲလေးကတော့ သီချင်းများလည်း တောက်လျှောက်ထွက်ရှိနေမှာဖြစ်ပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ဆက်တိုက်ရုံတင်သွားဖို့ရှိတယ်လို့သိရပါတယ်။

အောက်တိုဘာလအတွင်းမှာလည်း နှင်းဆီအဖွဲ့နဲ့အတူ ရေဘေးဖြစ်ပွားနေတဲ့နေရာများအတွက် လှူဒါန်းတဲ့အနေနဲ့ ကပြဖျော်ဖြေမယ့်ပွဲမှာလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ သီချင်းအနေနဲ့ အသည်းကွဲသီချင်းတွေ ခဏနားထားပါတယ်။ ပျော်စရာသီချင်းတွေ၊ ချစ်သူအသစ်ရသွားတဲ့ သီချင်းတွေ၊ နောက်ကောင်မလေးအသစ်ကို လိုက်တဲ့သီချင်းတွေ၊ ဘဝသီချင်းတွေလည်း ပြန်လာဖို့ ရှိပါတယ်”လို့ ရဲလေးကပြောပါတယ်။

အဆိုတော် ရဲလေးကတော့ ၂၀၂၀ အထိ သီချင်းများ၊ ရုပ်ရှင်များ ဆက်တိုက် ထွက်ရှိတော့မှာဖြစ်ပြီး ပရိသတ်များနဲ့ အဆင်မပြတ်ဖို့အတွက် ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

Loading