Entertainment

သားလေးနဲ့ ကြော်ငြာတွေ၊ ဓာတ်ပုံတွေ ရိုက်ဖြစ်နေတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

ကိုယ်ဝန်လွယ်ပြီးကတည်းက အနုပညာအလုပ်တွေကို ခဏနားထားတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ အနုပညာတွေ ပြန်မလုပ်ဖြစ်သေးဘဲ သားလေးကိုပဲ ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။

“သာသားက အခုချိန် အရမ်းလည်း ငယ်သေးတယ်။ မိခင်စောင့်ရှောက်မှုအောက်မှာ နေရဦးမယ့် အချိန်ဆိုတော့ မိခင်တယောက်အနေနဲ့ သေချာ ဂရုစိုက်ဖို့လိုတာပေါ့။ ကိုယ်အရမ်းချစ်တဲ့ အနုပညာအလုပ်ကို ပြန်မလုပ် ဖြစ်သေးဘဲ သားလေးကိုပဲ ဂရုစိုက်ဖြစ်နေတာပေါ့။ ကြော်ငြာတွေ၊ ဓာတ်ပုံတွေလောက်တော့ လုပ်ဖြစ်ပါတယ်။ ကားရိုက်တော့ မရိုက်ဖြစ်သေးဘူး။ သားလေးက ကြော်ငြာတော့ တခုရိုက်ထားတယ်။ သားကို စိတ်တွေ ပူနေတာ အဆင်မှ ပြေပါ့မလားပေါ့။ အဆင်ပြေတယ်။ ငိုလည်း မငိုဘူး။ သူက လုပ်တတ်တယ်”

“သားကို ဘယ်အရွယ်မို့ မလုပ်ရဘူး။ ဘာမလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက် မရှိဘူး။ နောက်ထပ်ကြော်ငြာတွေ လက်ခံဖို့လည်း သားသားအတွက် ကြည့်ပေးပြီး အဆင်ပြေတာမျိုးဆို လက်ခံဖြစ်မှာပါ။ Jack Jack က ဘယ်လိုကလေးမျိုးလဲ ဆိုတော့ ကလေးတိုင်းမှာ ကောင်းတာ၊ ဆိုးတာတော့ ရှိတာပေါ့။ သားက တည်ငြိမ်တယ်။ အမှတ်ကြီးတယ်။ သားသားက သူ့အဖေနဲ့ ရုပ်ပိုတူတယ်”လို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

သားလေးကို ပရိသတ်တွေ ချစ်ရာကနေ အမြင်ကပ်မှာ စိုးရိမ်တာကြောင် သားပုံတွေကို Facebook ပေါ်မှာအမြဲတမ်း မတင်ဖြစ်ဘူးလို့ နန်းမြတ်ဖြိုးသင်းက ဆိုပါတယ်။

“နန်းမြတ်က သားပုံလေးတွေကို တောက်လျှောက် ရိုက်တားတယ်။ ဒါပေမဲ့ Facebook ပေါ်တင်ဖို့ကြတော့ ကလေးပုံတွေ မကြည့်ချင်မှာစိုးလို့ ခြားခြားပြီး တင်တယ်၊ အမြဲတမ်း မတင်ဖြစ်ဘူး။ သားသားကို ချစ်နေကြရာကနေ အမြင်ကပ်ကြမှာလည်း စိုးရိမ်တယ်။ သားသားပုံလေးတွေ တင်တော့လည်း ဝိုင်းပြောမှာ စိုးရိမ်တာ”

“သားပုံလေးတွေ တင်ပေးတော့လည်း ချစ်ပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ အရင်ကတည်းက နန်းမြတ်ကို ချစ်ပေးပြီး အခုချိန် သားလေးကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အနုပညာတွေလည်း အကောင်း ဆုံး ပြန်လုပ်နိုင်အောင် ကြိုးစားပါ့မယ်”လို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။

နန်းမြတ်ဖြိုးသင်းဟာ ဇာတ်ကားတွေ သရုပ်ဆောင် ရိုက်ကူးခဲ့သလို နန်းသူဇာနဲ့ တွဲပြီး “Friend” ဆိုတဲ့ တေးစီးရီးကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ်အတွင်းက လက်ထပ်ခဲ့တာ ဖြစ်ပြီး သားလေး ဘုန်းသုဒ္ဓကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

ပထမဆုံး ရင်သွေးလေးကို လွယ်ထားရတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း

မြေးလေး Liam က အဘိုးထက် အောင်မြင်နေလို့ မနာလိုဖြစ်နေရတယ်လို့ လွင်မိုး ပြော

ဗိုက်ဖုံးအင်္ကျီလေးတွေနဲ့ ဓာတ်ပုံရိုက်ချင်နေပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်း

Loading