အဆိုတော် Taylor Swift ဟာ ကမ္ဘာကျော် သီချင်းဆိုပြိုင်ပွဲတပွဲ ဖြစ်တဲ့ The Voice အစီအစဉ်မှာ ကြီးကြပ်သူ တဦးအနေနဲ့ ပါဝင်လာတယ်လို့ သိရပါတယ်။
Swift ကို NBC ရုပ်သံလိုင်းကနေ လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့ကနေ စတင်ပြသတော့မယ့် အဲ့ဒီသီချင်းဆိုပြိုင်ပွဲရဲ့ Season 17 မှာ မြင်တွေ့ရမှာဖြစ်ပြီး ဖျော်ဖြေမှုမှုတွေ မတိုင်ခင်မှာ ပြိုင်ပွဲဝင်တွေကို ကူညီပေးခဲ့သူအဖြစ် ပါဝင်လာမှာပါ။ အဲ့ဒီအစီအစဉ်မှာ ပြိုင်ပွဲဝင်တချို့ကတော့ သူ့ကို စိတ်လှုပ်ရှားစေခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအစီအစဉ်ရဲ့ နည်းပြ Kelly Clarkson က “သူ(Taylor Swift) က အနုပညာရှင်လေးတွေကို ဂရုစိုက်ပါတယ်။ သူနဲ့အခုလိုမျိုး ပထမဆုံးအကြိမ် အလုပ်လုပ်ရတာကို သဘောကျပါတယ်။ သူက တကယ့်ကိုပဲ ဂရုစိုက်ပြီး အာရုံစိုက်တာကိုလည်း သဘောကျပါတယ်။ သူ နှစ်ခါလောက် ငိုခဲ့ရပါသေးတယ်။ သူတော်တော်လေးကို ခံစားခဲ့ရတာပါ” လို့ People မီဒီယာကို ပြောကြားခဲ့ပါတယ်။
အခုလိုမျိုး Swift အနေနဲ့ ဒီလို အစီအစဉ်မှာ ပါဝင်လာတာကို ကျေနပ်အားရနေတဲ့သူက Clarkson တယောက်တည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းက ဒိုင်အဖြစ်ကနေ ရုတ်တရက် နုတ်ထွက်သွားတဲ့ Adam Levine နေရာမှာ အစားဝင်လာတဲ့ Gwen Stefani ကလည်း တော်တော်လေးကို သဘောကျနေတာပါ။
Stefani က “ဒီအစီအစဉ်မှာ မင်းက စူပါ အရည်အသွေးရှိပြီး အသံကောင်းကို ပိုင်ဆိုင်ထားတဲ့ အနုပညာမြောက် အဆိုတော်တွေကို အမြဲတမ်း ရှာဖွေနေတာပါပဲ။ ဒါပေမယ့် Swift ရဲ့ အထူးကျွမ်းကျင်မှုက သီချင်းရေးတာပါပဲ”
“ကျမအတွက်လည်း အဲ့ဒါက အတူတူပဲဆိုတော့ ကျမတို့က တယောက်ယောက်နဲ့ တယောက် တော်တော်လေး ဆက်နွယ်မှုရှိတယ်လို့ ထင်ပါတယ်။ အကြံပေးတာတွေ၊ ကမ်းလှမ်းချက်ပေးတာတွေလည်း အများကြီးလုပ်ခဲ့ပါတယ်။ သူအခုလိုမျိုး လုပ်ဆောင်နိုင်တာက တော်တော်လေးကို ရှားပါတယ်”လို့ ပြောပါတယ်။
အခုလိုမျိုး အဆိုတော် Taylor Swift အနေနဲ့ ကမ္ဘာကျော် အစီအစဉ်တခုမှာ ကြီးကြပ်သူအဖြစ် ဆောင်ရွက်မယ်ဆိုတာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်ညပိုင်းကမှ Blake Shelton နဲ့ John Legend ရဲ့ ဗီဒီယိုတွေကနေ တဆင့် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ Knockout Round ပြိုင်ပွဲစဉ်ကနေ ပြိုင်ပွဲဝင်တွေကို လမ်းညွှန်ပြသပေးမှာဖြစ်ပြီး ထင်မြင်ချက်ပေးတာ၊ အကြံပေးတာနဲ့ ချီးမွမ်းပေးတာတွေလည်း ရှိပါတယ်။ သူပါဝင်တဲ့ အစီအစဉ်အပိုင်းကိုတော့ အောက်တိုဘာလထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ တခြားကြီးကြပ်သူတွေ အဖြစ်ဆောင်ရွက်ကြသူတွေထဲမှာတော့ Normani, Will.i.am, Usher နဲ့ Darius Rucker တို့လည်း ပါဝင်ပါတယ်။
Ref: asiaone
You may also like these stories:
Taylor Swift လို ဝတ်ထားသူကို ဆုမှားပေးခဲ့တဲ့ မင်းသားကြီး John Travolta
Forbes မဂ္ဂဇင်းရဲ့ တနှစ်တာ ဝင်ငွေအကောင်းဆုံး Celebrity အဖြစ် Taylor Swift သတ်မှတ်ခံရ
သီချင်းမူပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Taylor Swift
အသည်းကွဲတဲ့အချိန် နားထောင်ခဲ့တဲ့ သီချင်းတွေကို ပြောပြလိုက်တဲ့ Taylor Swift