မင်းသား ဘရက်ပစ်ဟာ သူပါဝင် သရုပ်ဆောင်ထားတဲ့ အာကာသ သည်းထိတ်ရင်ဖို ရုပ်ရှင် “Ad Astra” ကို ရုံမတင်မီ သီတင်းတပတ်အလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့တုန်းက ကမ္ဘာပတ်လမ်းကြောင်းထဲမှာရှိတဲ့ နိုင်ငံတကာ အာကာသစခန်းဆီ ဖုန်းခေါ်ဆိုခဲ့ပြီး နာဆာ အာကာသယာဉ်မှူးတဦးနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။
မင်းသား ပစ်ဟာ အာကာသမှာ သက်ရှိတွေနေထိုင်ရတဲ့ ဘဝပုံစံအကြောင်း ဒါဇင်နဲ့ ချီတဲ့ မေးခွန်းတွေကို အာကာသယာဉ်မှူး Nick Hague ထံကို မေးမြန်းခဲ့ပါတယ်။ သူဟာ အဲ့ဒီ အင်တာဗျူးကို ဟူစတန်မြို့မှာရှိတဲ့ နာဆာရဲ့ မစ်ရှင်ထိန်းချုပ်ရေးစင်တာမှ ဆက်သွယ်ရေး ဆက်ကြောင်းကနေတဆင့် ဝါရှင်တန်မြို့တော်ကနေ Hague နဲ့ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
မင်းသားက “အရေးအကြီးဆုံး မေးခွန်းက သီချင်းဖွင့်စက်ကို ဘယ်သူထိန်းချုပ်တာလဲ” လို့ မေးမြန်းခဲ့ပါတယ်။ Hague က “ကျနော်တို့မှာ အလှည့်ကျဖွင့်ရတဲ့ သီချင်းစာရင်းရှိတယ်။ အလှည့်ကျဖွင့်ရတယ်။ ပြီးတော့ ကျနော်တို့က နိုင်ငံတကာ အသွင်အပြင်တွေကို ခံစားနိုင်ကြတော့ ပိုကောင်းပါတယ်။ ညစာစားချိန်မှာ ရုရှားနိုင်ငံက ရိုးရာဂီတကို ကြားလိုက်ရတာဟာ တော်တော်လေး ကောင်းမွန်တဲ့ အပြောင်းအလဲ တခုဖြစ်ပါတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။
မကြာခင် ရုံတင်တော့မယ့် ရုပ်ရှင်အသစ်မှာတော့ မင်းသားက ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူကို ရှာဖွေဖို့ နေအဖွဲ့အစည်း အပြင်ဘက်ကို ခရီးသွားမယ့် အာကသယာဉ်မှူး Roy McBride အဖြစ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ လက်တင်ဘာသာစကားနဲ့ “ကြယ်များဆီသို့” လို့အဓိပ္ပါယ်ရတဲ့ “Ad Astra” ရုပ်ရှင်ကိုတော့ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့ဆိုရင် ရုံတင်တော့မှာဖြစ်ပါတယ်။
ရုပ်ရှင်အတွက် Visual ပိုင်းနဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ထောက်ပံ့နိုင်ဖို့ ရုပ်ရှင်ရဲ့ ဇာတ်ညွှန်း ကော်ပီ တခုကိုလည်း နာဆာအဖွဲ့ထံ ကနဦးကတည်းက ပေးထားပြီး ဖြစ်ပါတယ်။ မင်းသားက ရုပ်ရှင်ထဲမှာ သူသရုပ်ဆောင်ထားတဲ့ မြေဆွဲအားမဲ့ လှုပ်ရှားမှုတွေက တကယ်လက်တွေ့ကျရဲ့လားလို့ မေးမြန်းခဲ့ပါတယ်။
အဲ့ဒီ့အခါ ယာဉ်မှူး Hague က မင်းသားကို ဆွဲအားမဲ့ လှုပ်ရှားမှုပုံစံတခုကို လုပ်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က “Gravity” မှာ အာကာသယာဉ်မှူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား George Clooney ကို ရည်ညွှန်းပြီးတော့ မင်းသား ပစ်က “ဘယ်သူက ပိုယုံကြည်လက်ခံနိုင်လောက်လဲ။ Clooney လား၊ ဘရက်ပစ်လား” လို့ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ Hague က “ဒါပေါ့ ခင်ဗျားကို ပိုယုံကြည် လက်ခံနိုင်လောက်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။
Ref: Reuters
You may also like these stories:
လ၏ တောင်ဝင်ရိုးစွန်းကို အိန္ဒိယ အာကာသယာဉ် လေ့လာနိုင်မည်ဟု မျှော်လင့်
ဖခင်ဖြစ်သူ ဘရက်ပစ်နဲ့ အေးစက်သွားတဲ့ ဆက်ဆံရေးအကြောင်း ပြောပြတဲ့ Maddox
ဂျိုလီနဲ့ ကွာရှင်းပြီးနောက် အရက်ဖြတ်ခဲ့တဲ့ မင်းသား ဘရက်ပစ်