တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဆေးရုံတခုက ဆီးကျိတ် ခွဲစိတ်မှု ကြော်ငြာစာအုပ်မှာ မင်းသား Wu Jing ရဲ့ ဓာတ်ပုံကို ခွင့်ပြုချက် မရှိဘဲ အသုံးပြုခဲ့တာကြောင့် နစ်နာကြေး အနေနဲ့ ယွမ် ၁ သိန်း ၂ သောင်း မင်းသားကို ပေးဖို့ တရားရုံးတခုက အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာရှိတဲ့ တရားရုံးက ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာရှိတဲ့ Jundu 339 ဆေးရုံအနေနဲ့ မင်းသား Wu ရဲ့ စီးပွားရေးအရ ဆုံးရှုံးမှုအတွက် ယွမ် ၁ သိန်း နဲ့ စိတ်ဒုက္ခရောက်ခဲ့ရမှုအတွက် ယွမ် ၂ သောင်း ပေးဆောင်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆေးရုံဟာ မင်းသားရဲ့ ပုံရိပ်နဲ့ နာမည်ကျော်ကြားမှု အခွင့်အရေးကို ချိုးဖောက်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ မင်းသားရဲ့ ရှေ့နေတွေကတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ကူမင်း ဘူတာရုံ ဝန်းကျင်မှာ ဖြန့်ဝေခဲ့တဲ့ Yunnan Men လို့ခေါ်တဲ့ စာအုပ်တအုပ်နဲ့ ပတ်သက်လို့ ကန့်ကွက်ထားတာလည်း ဖြစ်ပါတယ်။
အဲ့ဒီစာအုပ်မှာတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Wolf Warrior 2 ရုပ်ရှင်ထဲက မင်းသားရဲ့ ဓာတ်ပုံ တပုံနဲ့ ကြော်ငြာအကျဉ်း ဖော်ပြချက်တခု ပါဝင်ပါတယ်။ အဲ့ဒီ ကြော်ငြာမှာ “ငယ်ရွယ်တဲ့ အနေအထားမျိုး ပြန်ရောက်ရောက်နိုင်ဖို့ သင့်ရဲ့ ဆီးကျိတ်ကို ပြန်လည် ရရှိနိုင်ဖို့ အချိန် ၆ ရက်ပဲ လိုပါတယ်။ အိပ်ယာထဲမှာ အသန်မာဆုံး ဝံပုလွေ စစ်သည်တော်အဖြစ် ပြသလိုက်ပါ”လို့ ဖော်ပြထားပါတယ်။
အဲ့ဒီကြော်ငြာစာအုပ်မှာ အမျိုးသားဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေအတွက် ကြော်ငြာတွေ၊ ဆေးရုံနာမည်၊ လိပ်စာနဲ့ ဝက်ဘ်ဆိုက်တွေလည်း ပါဝင်ပါတယ်။ အဲဒီကြော်ငြာကြောင့် သူဟာ ဆီးကျိတ်ရောဂါခံစားခဲ့ရတယ်လို့ စာဖတ်သူတွေကို အထင်မြင်လွဲသွားစေနိုင်တာ၊ ဒါမှမဟုတ် ဆေးရုံနဲ့ သူ့အကြားမှာ ဆက်နွယ်မှုတခုခု ရှိနိုင်တယ်လို့် ယူဆသွားစေနိုင်ကြောင်း မင်းသားက ပြောကြားခဲ့ပါတယ်။
အဲ့ဒီစာအုပ်ကို ဖတ်လိုက်တဲ့ ဘယ်သူမဆို သူ့ကို မကောင်းဘက်ကနေ ထင်မြင်သွားနိုင်တယ်လို့လည်း မင်းသားက ပြောဆိုပါတယ်။ သတင်းရဲ့ အဆိုအရ အဲ့ဒီဆေးရုံကတော့ တရားရုံးကို ကိုယ်စားလှယ် စေလွှတ်ဖို့ ဆင့်ခေါ်တာကို ပြန်လည် မတုံ့ပြန်ခဲ့ဘူးလို့ ဆိုပါတယ်။
အသက် ၄၅ နှစ်အရွယ် မင်းသား Wu ဟာ တရုတ်က သိုင်းပညာရှင်၊ မင်းသားနဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ သူ ပါဝင်ခဲ့တဲ့ “Wolf Warrior 2” ရုပ်ရှင်ဟာ ယွမ် ၅ ဒဿမ ၆၈ ဘီလီယံ ရရှိခဲ့ပြီး တရုတ်တွေ ဖန်တီးတဲ့ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။
Ref:asiaone