Entertainment

အခွေထွက်ဖို့ အခက်အခဲ ရှိနေတဲ့ အဆိုတော် သားသား

Want create site? Find Free WordPress Themes and plugins.

လူငယ်အကြိုက် သီချင်းများကို ဖန်တီးရေးသား သီဆိုလေ့ရှိတဲ့ အဆိုတော် သားသားက အခုနောက်ပိုင်းမှာ တကိုယ်တော်အခွေ ထွက်ဖို့အတွက် အခက်အခဲ ရှိတာကြောင့် မထွက်ဖြစ်ဘဲ တခြားသူများအတွက်သာ သီချင်းများ ဖန်တီးပေးလျက်ရှိတယ်လို့ သိရပါတယ်။

“ကိုယ်တိုင်ဆိုတဲ့ သီချင်းတွေကျတော့ အဓိကက ဘယ်လိုထွက်ရမှန်း မသိတာ။ အခွေက ထွက်ဖို့အတွက် အဆင်မပြေတော့ဘူးလေ။ အခွေထွက်လိုက်ရင်လည်း ပိုက်ဆံကုန်ပြီးတော့ ရှိတာလေးတွေ ပြောင်ဖို့ပဲရှိတယ်။ ပရိသတ်ဆိုတာထက် နားထောင်ပေးမယ့်သူက မရှိဘူးပေါ့နော်။ ကျနော်တို့လို ဟိုမရောက်၊ ဒီမရောက်လို့ ပြောရမလား အဲ့လိုမျိုးကျရင် သိပ်ဂရုမစိုက်ချင်ဘူး။ အခွေထွက်ရမလား ဘာလုပ်ရမလဲ မသိတာကြောင့် ကြာနေတာပါ။ ဒါပေမယ့် သီချင်းအသစ် ထွက်မှာပါ”လို့ သားသားက ပြောပါတယ်။

သီချင်းအသစ်တွေကို ယခုလက်ရှိမှာတော့ အခွေထွက်ခဲ့ရင် ရောင်းရတာ ခက်ခဲပြီး အွန်လိုင်းပေါ်မှတဆင့်တင်ပါကလည်း ပရိသတ်ဆီ ရောက်ပါ့မလားဆိုပြီး စိတ်ပူရတာကြောင့် သီချင်းများကို လူမသိမှာစိုးကာ မထွက်ဖြစ်တာလို့ သိရပါတယ်။

“အခွေရောင်းရင်လည်း ရောင်းရဖို့က ခက်တယ်။ အွန်လိုင်းတင်လိုက်ရင်လည်း ပရိသတ်ဆီ ရောက်ပါ့မလား၊ သိပါ့မလားဆိုတာ ရှိတဲ့အတွက် သီချင်းကို ဘယ်လိုထွက်ရမှန်းမသိ ဖြစ်နေတာ”

“နောက်တခုက တပုဒ်တည်း ထွက်ရမလား၊ အခွေလိုက် ထွက်ရမလား။ အခွေလိုက်ထွက်ရင်ရော တခွေလုံးရဲ့ သီချင်း စိတ်ဝင်စားပါ့မလား။ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲဆိုတော့ ကိုယ့်သီချင်းတွေကို နှမြောလာတာ ထွက်ပြီးတော့ လူမသိလိုက်တာမျိုး အနည်းဆုံးတော့ ကျနော့် ပရိသတ်လေးတွေ သိစေချင်တယ်”လို့ သားသားက ပြောပါတယ်။

သားသားကတော့ သီချင်းများရေးသား သီဆိုရုံသာမက သီချင်းများကို တီးခတ်ပေးပြီး မကြာခင်ကလည်း သူတီးခတ် ပေးထားတဲ့ နွဲ့ယဉ်ဝင်းနဲ့ ထက်ယံ သီဆိုထားတဲ့ “မောင့်အချစ်ဦး” သီချင်းဟာ ပရိသတ်များကြိုက် နှစ်သက်ခဲ့ပါတယ်။

“မောင့်အချစ်ဦး သီချင်းဆိုရင် ကျနော်တို့ သီချင်းအဟောင်းကို ပြန်လုပ်ကြတယ်လို့ထင်တယ်။ သီချင်းအဟောင်းကို ဖျက်ဆီးလိုက်တယ်လို့ ထင်ကြတယ်။ အမှန်တော့ မဟုတ်ဘူး။ ကျနော်တို့က အဲ့ပုံစံလေးဖြစ်အောင် ထက်ယံ ရေးတယ်၊ ကျနော် တီးတယ်။ ဆိုတာတောင် ကျနော်တို့ ဝင်မပါဘူး။ နည်းနည်းလေးပဲ ပါတယ်”

“အဓိကက လူကြီးနဲ့ လူငယ် ဖန်တီးတဲ့ ပုံစံလေးကို ပြချင်တာပါ။ ပရိသတ်တွေကြိုက်ကြတာကို ဝမ်းသာတယ်။ ကျနော်တို့ဖြစ်ချင်တဲ့ဟာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်”လို့ သားသားက ပြောပါတယ်။

လူကြီးနဲ့လူငယ် အတူတကွ သီချင်းဖန်တီးချင်တာကြောင့် နွဲ့ယဉ်ဝင်းကို ခွင့်တောင်းပြီး ဒီသီချင်းလေးကို ဖန်တီးဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အန်တီနဲ့ကတော့ အများကြီးပြောစရာ မလိုဘူး။ အန်တီ ကျနော်တို့မှာ ဒီသီချင်းလေး ရှိတယ်။ အန်တီနဲ့လိုက်တယ်။ ကျနော်တို့ ဖန်တီးကြမယ်။ အတူတူလုပ်ကြမယ် ကူညီပေးလို့ရမလားဆိုပြီး အန်တီ့ကို သီချင်းပြတယ်။ အိုကေ အဆင်ပြေတယ်၊ ကြိုက်တယ်ဆိုတာနဲ့ ကျနော်တို့ လုပ်ဖြစ်သွားတာပါ။ ပီတိကတော့ ရနေတာပါပဲ ကျနော်တို့သီချင်းတွေ ကြိုက်တဲ့အတွက်ကြောင့် ပီတိကတော့ ရပါတယ်။ တချို့ မရတာတော့ ရှိတာပေါ့” လို့ သားသားကပြောပါတယ်။

သီချင်းတွေကို ကိုယ်တိုင်ရေးတဲ့အခါမှာ ဘယ်လိုမျိုးကုန်ကြမ်းများနဲ့ရေးလဲဆိုတာကိုတော့ သားသားက အခုလို ဆိုပါတယ်။

“အဓိကက အကြောင်းအရာတခု ရှိဖို့ လိုတယ်။ အကြောင်းအရာ မရှိဘဲနဲ့ သီချင်းရေးမယ်ဟေ့ဆို ကောက်ရေးတာတော့ ရှားတယ်။ အဲ့လိုမျိုးနဲ့ သီချင်းရေးမယ်ဆိုပြီး ရေးကြည့်လို့လည်း မရဘူး။ ရေးလို့လည်း မရဘူး။ အကြောင်းအရာတခု ရှိနေပြီ၊ ခံစားချက်တခု ရှိနေပြီဆိုရင် သီချင်းတခုခုတော့ ထွက်တယ်။ ဒီအတိုင်းကြီးတော့ အခုနောက်ပိုင်း ရေးလို့ မရတော့ဘူး”လို့ သားသားက ပြောပါတယ်။

လက်ရှိမှာ သားသားက မကြာခင် ထွက်ရှိမယ့် အဆိုတော် မိစန္ဒီရဲ့တကိုယ်တော်အခွေမှာလည်း အခွေတဝက်စာ သီချင်းများကို တီးခတ်ပေးထားပြီး ရဲရင့်အောင် အခွေအတွက်လည်း တီးခတ်ထားတယ်လို့ သိရပါတယ်။ အဆိုတော် သားသားကိုတော့ ပရိသတ်များက “မောင့်ချစ်သူ” ဆိုတဲ့ သီချင်းနဲ့သိရှိခဲ့ပြီး နောက်ပိုင်းမှာလည်း သီချင်းများစွာကို ဖန်တီးသီဆိုလျက် ရှိပါတယ်။

You may also like these stories:

“အနုပညာကို ဘောင်ခတ် မထားဘူး၊ သရုပ်ဆောင်လည်း လုပ်ချင်တယ်”လို့ ပြောတဲ့ ထက်ယံ

Limited Edition နဲ့ အခွေထွက်တဲ့အကြောင်း ပြောပြတဲ့ အဆိုတော် သားကြီး

တကိုယ်တော် အခွေမှာ ဇော်ဝင်းထွဋ်နဲ့ စုံတွဲသီချင်း သီဆိုမယ့် လိမ္မော်သီး

မိန်းကလေး အင်အားကို ပြထားတဲ့ မိစန္ဒီရဲ့ “သတ္တိခဲ” တကိုယ်တော်ခွေ

Did you find apk for android? You can find new Free Android Games and apps.
Loading