အမေရိကန်အခြေစိုက် Streaming ကုမ္ပဏီကြီး Amazon က သူတို့ရဲ့ ငွေကြေးများစွာ အကုန်အကျခံ ရင်းနှီးထားတဲ့ “Lord of the Rings” စီးရီးဟာ လာမယ့် လအနည်းငယ်အတွင်း၊ နယူးဇီလန်နိုင်ငံမှာ ရိုက်ကူးရေး စတင်တော့မယ်လို့ ယနေ့၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
HBO က ပြသခဲ့တဲ့“Games of Thrones” စီးရီးကို Amazon ကုမ္ပဏီက အွန်လိုင်းမှာ ရောင်းချခဲ့ရာကနေ အောင်မြင်မှု ရရှိခဲ့ပြီးနောက် နောက်ထပ် စီးရီးတခုအတွက် ဒေါ်လာ ၁ ဘီလီယံကို ရင်းနှီးခဲ့တာ ဖြစ်ပါတယ်။
ထုတ်လုပ်သူတွေဖြစ်တဲ့ JD Payne နဲ့ Patrick McKay တို့ကတော့ ခေတ်လယ် ကမ္ဘာအတွက် နယူးဇီလန်နိုင်ငံဟာ အရမ်းကို သာယာလှပပြီး လူပုလေးတွေ၊ နတ်သူငယ်တွေနဲ့ ဟော့ဘစ်တွေအတွက် နေရာကောင်းတခုဖြစ်တယ်လို့ ဆိုထားပါတယ်။ ကမ်းရိုးတန်းတွေ၊ သစ်တောတွေ၊ တောင်တန်းတွေ၊ ကမ္ဘာ့အဆင့်မီဆက်တင်တွေ၊ စတူဒီယိုတွေနဲ့ ကျွမ်းကျင်အတွေ့အကြုံရှိတဲ့ လုပ်သားတွေရှိတဲ့ နေရာတခုကို ရှာဖွေနေခဲ့တာဖြစ်တယ်လို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။
Amazon စတူဒီယိုကတော့ ရုပ်ရှင် အကြိုထုတ်လုပ်မှု လုပ်ငန်းတွေကို စတင်နေပြီဖြစ်ပြီး ရိုက်ကူးရေးကိုတော့ Auckland ပြည်နယ်မှာ လမယ့်လတွေအတွင်း စတင်တော့မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါရိုက်တာ Peter Jackson ရဲ့မူရင်း “Lord of the Rings” ရုပ်ရှင်တွေမှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေ မတိုင်မီက အကြောင်းအရာတွေ ဇာတ်အိမ်တည်မယ့် ဇာတ်လမ်းကို အခု စီးရီးမှာ မြင်တွေ့ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုစီးရီးကတော့ Season ပေါင်းများစွာ ပါဝင်မှာလည်း ဖြစ်ပါတယ်။
ဒါရိုက်တာ Jackson ရဲ့ မူရင်း ၃ ကားတွဲ ရုပ်ရှင်ဟာ အထူးအောင်မြင်ခဲ့ပြီး အဲ့ဒီနောက် “The Hobbit” အမည်နဲ့ နောက်ထပ် ၃ ကားတွဲ ထပ်မံ ရိုက်ကူးခဲ့ရပါတယ်။ အဲ့ဒီ ရုပ်ရှင်တွေကြောင့် နယူးဇီလန်နိုင်ငံမှာ ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးလာခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ ခရီးသွားတွေကလည်း ရုပ်ရှင်ထဲမှာ အသုံးပြုခဲ့တဲ့ နေရာတွေဆီ လာရောက်ခဲ့ကြလို့ နိုင်ငံရဲ့ အကြီးမားဆုံး တင်ပို့ကုန်ဖြစ်တဲ့ နို့ထွက်ပစ္စည်း တင်ပို့ကုန်ထက် ခရီးသွားလုပ်ငန်းက ပိုဝင်ငွေရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ အဲ့ဒီရုပ်ရှင်တွေဟာ နယူးဇီလန်နိုင်ငံရဲ့ ပြည်တွင်းဖြစ်အနုပညာလုပ်ငန်းကို အထူးသဖြင့် အထူးပြုလုပ်ချက် ကဏ္ဍမှာ ကမ္ဘာသိ ဖြစ်လာစေခဲ့ပါတယ်။ “Jurassic World: Fallen Kingdom” ဒါရိုက်တာ JA Bayona က အခုစီးရီးရဲ့ ပထမဆုံးအပိုင်း နှစ်ပိုင်းကို ရိုက်ကူးမယ်လို့ Amazon ကနေ မကြာသေးခင်တုန်းက အတည်ပြုထားပါတယ်။
Ref. AFP