လတ်တလော ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုနဲ့ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ “စပွန်ဆာ” ရုပ်ရှင်ကားကြီးရဲ့ ပိုစတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီ နေတိုးက မီဒီယာများကို အခုလိုပဲ ပြောပါတယ်။
“ဒီ ပုံတွေက ကျနော်တို့ ရိုက်ခဲ့တာဆိုတော့ ကျနော်တို့ လိုချင်တဲ့ စိတ်ဝင်စားမှုကို ရနေတယ်လို့တော့ မြင်မိပါတယ်။ ဒီ Marketing ပိုင်းကတော့ တော်တော်လေး အတွေးအခေါ် ကောင်းတယ်လို့ မြင်တယ်။ စပွန်ဆာလို့ နာမည်ပေးဖြစ်တာက ခေတ်အခြေအနေ တခုမှာ ဒီစကားလုံးက အရမ်းဟော့ဖြစ်နေတယ်ပေါ့နော်။ ခေတ်ရေစီးကြောင်းပေါ်မှာ သုံးနှုန်းနေတဲ့ အသုံးအနှုန်းတခု အပေါ်မှာပဲ အခြေခံပြီး နာမည်ပေးထားတာပါ” လို့ နေတိုးက ပြောပါတယ်။
“စပွန်ဆာ ရုပ်ရှင်ကားကြီးက နောက်လဆိုရင် ရုံတင်ဖို့ လုပ်ထားတယ်။ အဲဒီရုပ်ရှင်က အခုလည်း အွန်လိုင်းမှာ တော်တော်လေး ဟော့နေတယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒီဇာတ်ကားလေးကလည်း ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်”
“ဒီဇာတ်ကားက ပေးချင်တဲ့ Message ကိုတော့ မပြောချင်သေးဘူး။ ဒါပေမယ့် ဒီဇာတ်ကားသည် မိသားစု ဘဝတခုအပေါ်မှာ အခြေခံပြီးတော့ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ ကိုယ့်ရဲ့ အသွေးအသားတွေအပေါ်မှာ ပေးဆပ်ပြီးတော့ ချစ်တယ်ဆိုတဲ့ အစ်ကို အကြီးဆုံး တယောက်ရဲ့ မေတ္တာတရားတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်”လို့ နေတိုးက ဆိုပါတယ်။
Mytel ရဲ့ Brand Ambassador အဖြစ် ထပ်မံရွေးချယ်ခြင်းခံရတဲ့ နေတိုးက ပြည်သူအကျိုးပြု လှူဒါန်းမှုတွေလည်း လုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
“Mytel ကနေ နောက်ထပ် တနှစ် ရွေးချယ် ခန့်အပ်လို့ ဝမ်းသာပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ အာပေးခဲ့လို့ အခုလို Brand Ambassdor တယောက်အနေနဲ့ ခန့်အပ်ခြင်း ခံရတာပါ။ အဲ့အတွက် Mytel နဲ့လည်း ပြည်သူအကျိုးပြု လှူဒါန်းမှုတွေ ပရဟိတလုပ်ငန်းတွေလည်း လုပ်သွားဖို့ ရှိတယ်။ Brand Ambassdor တယောက်အနေနဲ့ ခန့်အပ်တဲ့ တာဝန်တွေလည်း လုပ်ကိုင်သွားဖို့ ရှိပါတယ်”
“ကျနော်တို့ ညီမလေး ကစ်ကစ် (ဝတ်မှုံရွှေရည်)ကိုလည်း ရွေးချယ် ခန့်အပ်လို့ ဝမ်းသာမိပါတယ်။ ကျနော် နောက်ထပ် Mytel ကြော်ငြာ အသစ်လေးလည်း ရိုက်ဖို့ ရှိတယ်။ ထူးခြားတဲ့ ပုံစံလေးတော့ ဖြစ်ဖို့ များပါတယ်”လို့ နေတိုးက ပြောပါတယ်။
ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ ၃ ဆုရှင် သရုပ်ဆောင် နေတိုးကတော့ ၂၀၁၉ ခုနှစ်အတွင်း Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိထားပါတယ်။ နေတိုး ပါဝင်ထားတဲ့ “စပွန်ဆာ” ရုပ်ရှင်ကားကြီးကိုတော့ အောက်တိုဘာလအတွင်း ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။