ဇာတ်ပို့ သရုပ်ဆောင်တဦးဖြစ်တဲ့ သရုပ်ဆောင် ပြေဇင်ကတော့ သရုပ်ဆောင်အနေနဲ့ လုပ်နေတဲ့ အချိန်အတွင်းမှာ ဘယ်လို နေရာကပဲ ပါရပါရ ကြိုးစားပြီး သရုပ်ဆောင်တယ်လို့ ပြောပါတယ်။
“ကျနော်တို့က ဘာရိုက်ရရိုက်ရ၊ ကျနော်တို့ ရိုက်ရတဲ့ နေရာမှာ ကြိုးစားပြီးတော့ သရုပ်ဆောင်ရတာပဲ။ အဲ့အတွက်ကြောင့် ဘယ်လိုနေရာမျိုးမှာပဲ ပါရပါရ ကြိုးစားပြီး သရုပ်ဆောင်ပါတယ်”လို့ ပြေဇင်က ပြောပါတယ်။
လတ်တလောမှာတော့ ပြေဇင်က MRTV-4 မှာ ပြသနေတဲ့ “တတိယမြောက် ဆုံမှတ်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး မကြာခင် ရက်ပိုင်းအတွင်းမှာလည်း “ အဆောင်” ဆိုတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။
“လောလောဆယ်တော့ ဘာမှ မရှိပါဘူး။ အဆောင် ဇာတ်လမ်းတွဲကိုတော့ ကျနော်တို့ ၂၃ ရက်နေ့လောက်စရိုက်မယ်။ အဲ့ထဲမှာတော့ ကျနော်က ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ တယောက်ပေါ့။ ဓာတ်ပုံရိုက်တာတော့ ဝါသနာပါပေမယ့် ဓာတ်ပုံဆရာတယောက် ဖြစ်အောင်တော့ လေ့လာမှုတွေ လုပ်ရမှာပေါ့။ လေ့လာမှုအနေနဲ့ကလည်း ဆရာ ဦးစိုးထိုက်အောင် သင်ပေးမယ့်အတိုင်း ကြိုးစားပြီး လုပ်ဆောင်မှာပါ” လု့ိ ပြေဇင်ကပြောပါတယ်။
ကိုယ်တိုင်လည်း ရုပ်ရှင်ရိုက်ချင်တာကြောင့် သူပိုင်ဆိုင်တဲ့ မြေကွက်တကွက်ကို ရုပ်ရှင်ရိုက်ဖို့အတွက် ရောင်းဖို့ ကြေညာခဲ့ပေမယ့် အခုအချိန်အထိတော့ မရောင်းဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
“မရောင်းဖြစ်ပါဘူးဗျာ။ ဝယ်မယ့်သူလည်း ပေါ်မလာပါဘူး။ ဖြစ်လာမှာပေါ့နော်။ အချိန်တခု ရောက်လာတဲ့အခါ ကျနော် ကြိုးစားနေတဲ့အပေါ်ကိုလည်း ကျနော့်ကို ယုံကြည်လာတဲ့ ပရိုဂျူဆာနဲ့ တွေ့ရင်တော့ အဆင်ပြေသွားမှာပါ”လို့ ပြေဇင်က ပြောပါတယ်။
ကိုယ်တိုင်ရိုက်ချင်တဲ့ ဇာတ်ကားတွေ ရှိပေမယ့် အခုအချိန်ထိတော့ အကောင်အထည် မဖော်နိုင်သေးဘဲ လောလောဆယ်မှာတော့ ပါဝင်ရတဲ့ ကာရိုက်တာမှာပဲ ကြိုးစားပြီး သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ဖန်တီးမှု အသစ်ရယ်တော့ မရှိပါဘူး။ ကျနော်ရိုက်ချင်တဲ့ ရုပ်ရှင်လေးတွေ ရှိတယ်။ ဒါပါပဲ။ ပရိသတ်ကို ချပြတာတို့ ဖန်တီးမှုအသစ်တို့တော့ မရှိပါဘူး။ လောလောဆယ် ရုပ်ဆောင်အနေနဲ့ပဲ လုပ်နေရတဲ့အတွက် ပါဝင်ရတဲ့နေရာမှာ ကြိုးစားသရုပ်ဆောင်နေတယ် ဒါပါပဲ”လို့ ပြေဇင်ကပြောပါတယ်။
ဖခင်ဖြစ်သူ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ဝတ္ထုဖြစ်တဲ့ “ချစ်ခင်စမှော်ရုံမှာလေ”ကို ရုပ်ရှင်ပြန်ရိုက်ရန်ဝယ်ယူထားတာရှိတယ်လို့ သိရပါတယ်။
“အဖေ့ဝတ္ထု တပုဒ်ဖြစ်တဲ့ “ချစ်ခင်စမှော်ရုံမှာလေ” ကို ရောင်းထားတာ ရှိပါတယ်။ သူတို့ ရုပ်ရှင်ရိုက်ပါလိမ့်မယ်။ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ဝယ်ထားတာ ရှိပါတယ်”လို့ ပြေဇင်ကပြောပါတယ်။
ဖခင်ဖြစ်သူရဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်ဖန်တီးတဲ့အခါမှာ ပျက်စီးသွားမှာကို စိုးရိမ်မိလားဆိုတာကိုလည်း “ပျက်စီးသွားမလားဆိုတာကိုတော့ မစိုးရိမ်ပါဘူး။ ရုပ်ရှင် ဒါရိုက်တာကလည်း ကျနော်တို့ ယုံကြည်လို့ပေးလိုက်တာပေါ့။ ဒီခေတ်မှာလည်း ဝတ္ထုတပုဒ်ကို ပျက်စီးအောင် ရိုက်မယ့်လူတွေလည်း မရှိတော့ပါဘူး။ အားလုံးကြိုးစားပြီးတော့ ဝတ္ထုကို အကောင်အထည်ဖော်ပြီး ရိုက်နေကြတာပါပဲ။ အဲ့အတွက် စိုးရိမ်မှုတော့ မရှိပါဘူး” လို့ ပြေဇင်က ပြောပါတယ်။
သရုပ်ဆောင် ပြေဇင်ကတော့ မျိုးရိုးစဉ်ဆက် အနုပညာမျိုးရိုးမှ ဆင်းသက်လာခဲ့ပြီး ကိုယ်တိုင်လည်း သရုပ်ဆောင်တယောက်အဖြစ် ရပ်တည်နေပြီး နောက်ပိုင်းမှာလည်း ဒါရိုက်တာအဖြစ် လုပ်ဖို့ စိတ်ကူးရှိတယ်လို့ ဆိုပါတယ်။
You may also like these story:
“ဆားပုလင်းနှင်းမောင်နဲ့ စနေမောင်မောင်” ရုပ်ရှင်မှာ အောင်ထွန်း ဇာတ်ရုပ် ကမ်းလှမ်းခံရတဲ့ ပြေဇင်