ဝါရင့် ဇာတ်ပို့ သရုပ်ဆောင်တဦးဖြစ်တဲ့ အကယ်ဒမီ ဝါဝါအောင်ကတော့ အနုပညာအလုပ်များကို ကျန်းမားရေးကောင်းနေသရွေ့ မသေမချင်း လုပ်ချင်စိတ်ရှိတယ်လို့ ပြောပါတယ်။
“ဒီအနုပညာအလုပ်ကိုတော့ ကျန်းကျန်းမာမာနဲ့ ကိုယ်လုပ်နိုင်သရွေ့ပေါ့။ အိပ်ရာထဲ လဲရင်တော့ မလုပ်နိုင်တော့ဘူးပေါ့။ စိတ်ကတော့ လုပ်ချင်နေတာပေါ့။ မသေမချင်း လုပ်ချင်တဲ့ စိတ်ကတော့ ရှိပါတယ်။ ဒါပေမယ့် အိပ်ရာထဲ လဲရင်တော့ ဘာမှမတတ်နိုင်ဘူးပေါ့။ အခုတော့ ကျန်းကျန်းမာမာနဲ့ သွားနိုင်လာနိုင်နေသေးတယ်” လို့ ဝါဝါအောင်က ပြောပါတယ်။
အသက် ၅၀ ကျော်လာပြီဖြစ်ပေမယ့် အခုအချိန်ထိ နုပျိုပြီး လှပနေသေးတဲ့အကြောင်းကိုလည်း ဝါဝါအောင်က အခုလို ပြောပြခဲ့ပါတယ်။
“မနုပျိုတော့ပါဘူး။ အရမ်းကြီး လှချင်ယောင်တွေ ဆောင်ထားတာပေါ့။ အတတ်နိုင်ဆုံး စိတ်ဆင်းရဲစရာကို မထားဘူး။ စိတ်ချမ်းသာအောင် နေတာမျိုး၊ နောက်ပြီးတော့ အားလုံးကို တွေးပေးတယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ပြီးတော့ တွေးပေးတာမျိုးတွေ ရှိပါတယ်”လို့ ဝါဝါအောင်က ပြောပါတယ်။
အသက်အရွယ်တခု ရောက်လာတဲ့အတွက် မှီဝဲရမယ့် ဆေးများကိုတော့ သောက်နေရပြီး ဝမှာကိုလည်းကြောက်တဲ့အတွက် ထမင်းတနပ်ပဲ စားဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီအသက်အရွယ်မှာဆိုရင် အန်တီဝါတို့ သောက်ရမယ့် ဆေးတွေ၊ အရိုးအကြောအတွက် အားဆေးတွေကို အခုဆိုရင် သောက်နေရပါပြီ၊ ၅၀ ကျော်လာတော့။ အန်တီဝါက အားဆေးသောက်ရမှာ အရမ်းကြောက်တယ်။ ဆိုက်ကိုပဲ။ အားဆေးသောက်ရင် ဝမယ်လို့ ထင်တာပေါ့။ ထမင်းလည်း တနပ်ပဲ စားတယ်။ ဒါပေမယ့်အန်တီဝါ အရမ်းဝတယ်။ အိပ်လို့လည်း ကောင်းတယ်။ ကိုယ့်အရွယ်မှာ လိုအပ်တဲ့ ဆေးဝါးကို မှီဝဲရပါတယ်”လို့ ဝါဝါအောင်က ပြောပါတယ်။
သရုပ်ဆောင် ဝါဝါအောင်နဲ့ အောင်ခိုင်တို့ ဇနီးမောင်နှံ နှစ်ဦးကတော့ အခုအချိန်မှာ သားသမီးလည်း မရှိတာကြောင့် အောင်ခိုင်ရဲ့ တူမဖြစ်သူကိုသာ အနုပညာ မျိုးဆက်အနေနဲ့ ပံ့ပိုးမှုတွေ လုပ်ပေးဖြစ်တယ်လို့ သိရပါတယ်။
“အန်တီဝါတို့က အခုအချိန်မှာ သားသမီးလည်း ယူလို့ မရတော့ဘူး။ မရှိခဲ့ဘူးဆိုတော့ ဦးအောင်ခိုင်ရဲ့ တူမလေး သူ့ အစ်မက မွေးတဲ့ တယောက်ကတော့ ဒီအနုပညာလောကထဲမှာ ရှိပါတယ်။ နန်းရွှေအိမ်ပေါ့။ သူကတော့ သီချင်းလည်းဆိုဖြစ်တယ်။ သရုပ်ဆောင်လည်း လုပ်တယ်ပေါ့။ သူက အန်တီဝါတို့ မျိုးဆက်ပဲပေါ့” လို့ ဝါဝါအောင်က ပြောပါတယ်။
လက်ရှိမှာလည်း ဇာတ်လမ်းတွဲများကို ရိုက်ကူးတဲ့အခါ သရုပ်ဆောင် အသစ်များနဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့အပေါ် ဝါဝါအောင်က သူ့ရဲ့သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ဝါရင့်တွေကျတော့လည်း ပြောစရာ မလိုဘူး။ တခါတည်းနဲ့ သိကြတယ်။ ကလေးတွေကျတော့လည်း အန်တီဝါတို့က စိတ်ရှည်ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီဝါတို့ ကိုယ်တိုင်ကိုက အသစ်ကနေ တက်လာတာလေ။ ကိုယ်တွေကို စိတ်ရှည်ပေးခဲ့တဲ့ ဒါရိုက်တာတွေ ရှိခဲ့သလို ကိုယ်တွေကလည်း ကလေးတွေအပေါ်မှာ စိတ်ရှည်ရမှာလေ”လို့ ဝါဝါအောင်က ပြောပါတယ်။
လတ်တလောမှာတော့ ဝါဝါအောင်က MRTV-4 ဇာတ်လမ်းတွဲဖြစ်တဲ့ “နွေလယ်ညရဲ့လမင်း” ၊ Canal+ အတွက် “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲတို့ကို ရိုက်ကူးနေပြီး ရုပ်ရှင်ကားကြီးအနေနဲ့ ဒါရိုက်တာ စတီးလ်နဲ့ ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။