မော်ဒယ်၊ သရုပ်ဆောင်အသစ် တယောက်ဖြစ်တဲ့ ဟန်နီကတော့ မကြာခင် ရုံတင်ပြသမယ့် “ဘာလာလာ” ရုပ်ရှင်ကားထဲမှာ Swim Suit (ရေကူးဝတ်စုံ) ဝတ်ရတဲ့ ဇာတ်ဝင်ခန်း ပါဝင်တဲ့အတွက် အခက်အခဲ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
“မသက်မွန်ရဲ့ညီမလေး ရိုစီတာဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ အမှတ်တရကတော့ သိပ်မရှိဘူး။ ဟန်နီက အနေအေးတဲ့အတွက် အမှတ်တရအနေနဲ့တော့ သိပ်မရှိဘူး။ Swim Suit တွေဘာတွေနဲ့ ရိုက်ရတာဆိုတော့ အဲဒါက ဟန်နီ့အတွက် ဟော့ဖြစ်မယ့်ဟာဆိုတော့ အခက်အခဲတော့ ရှိတယ်။ နောက်ပြီး ဟန်နီက ရေကြောက်တယ်။ ပင်လယ်ကမ်းခြေမှာ ရိုက်ရတော့ အမှတ်တရပါပဲ”လို့ သရုပ်ဆောင်သစ် ဟန်နီက ပြောပါတယ်။
ဒီကားထဲမှာတော့ ဝါရင့် သရုပ်ဆောင်များနဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့အတွက်လည်း မရိုက်ခင်က စိတ်ဖိစီးခဲ့ပြီး ဝါရင့်သရုပ်ဆောင်များကလည်း လက်တွဲခေါ်တယ်လို့ ဆိုပါတယ်။
“မသက်မွန်တို့၊ ကိုမြင့်မြတ်တို့နဲ့က ပထမဆုံး ဆုံတဲ့ကားလေးပေါ့။ မရိုက်ခင်နဲ့ ရိုက်ကွင်းပေါ်မှာ ဝါရင့်တွေနဲ့ အတူ ရိုက်ရမယ်ဆိုတော့ အရမ်းကို Pressure (ဖိအား) ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဝါရင့်တွေ အကုန်လုံးက အရမ်း သဘောကောင်းတယ်။ ဟန်နီ့ကိုလည်း လက်တွဲ ခေါ်ပေးတယ်။ အဲဒါကြောင့် အခက်အခဲကတော့ ထင်သလောက် မရှိခဲ့ပါဘူး”လို့ ဟန်နီက ဆိုပါတယ်။
“ဘာလာလာ” ရုပ်ရှင်ကတော့ သူ့အတွက် ပထမဆုံးရုံတင်တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပြီး ဒီကားမတိုင်ခင်မှာလည်း “ဟန်နီနဲ့ ဖီဖီ” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“ဒီကားကတော့ ရုံတင်တာဆိုရင်တော့ ပထမဆုံးပေါ့။ အရှေ့မှာဆိုရင် ဟန်နီနဲ့ဖီဖီ ကားရိုက်ထားသေးတယ်။ ဒီကားပြီးရင် ဟန်နီရဲ့ ရုပ်ရှင်ကားကြီး ရုံတင်ဖို့ရှိတယ်။ နောက်လကျရင် ဒါရိုက်တာ ကိုယုန်လေးနဲ့ အက်ရှင်ကား ရိုက်ဖို့ ရှိပါတယ်”လို့ ဟန်နီကပြောပါတယ်။
အနုပညာလောကထဲ စတင် ရောက်ရှိဖြစ်ခဲ့ပုံကိုလည်း ဟန်နီက အခုလိုပဲ ပြောပါတယ်။
“အစကတော့ တီချယ်တင်မိုးလွင်ဆီမှာ သင်တန်းတက်ပြီးတော့ မော်ဒယ်ပိုင်းလုပ်ဖို့ ကမ်းလှမ်းတယ်။ ပြီးတော့ ကိုယ်က တကယ်ဝါသနာပါတာ သရုပ်ဆောင်ဆိုတော့ အဖေနဲ့ အမေရဲ့ ပံ့ပိုးမှုကြောင့် ရောက်လာတာပါ။ အဖေနဲ့ အမေက အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးတဲ့အတွက် အခက်အခဲကတော့ အများကြီးမရှိဘူးပေါ့။ ဒါပေမယ့် အိုက်တင်ပိုင်းက အခုမှ စလုပ်ရတာဆိုတော့ ငိုတာတို့၊ ဒိုင်ယာလော့တွေ ပြောတာတို့ကျရင် အခက်အခဲဖြစ်တယ်”လို့ ဟန်နီကပြောပါတယ်။
သရုပ်ဆောင်သစ် ဟန်နီကတော့ လက်ရှိမှာတော့ ကျောင်းမပြီးသေးတာကြောင့် ကျောင်းတက်နေဆဲဖြစ်ပြီး အနုပညာအလုပ်များကိုလည်း ဖြည်းဖြည်းချင်း လုပ်သွားမယ်လို့ ဆိုပါတယ်။ ဟန်နီ ပါဝင်ထားတဲ့ “ဘာလာလာ” ရုပ်ရှင်ကိုတော့ ယနေ့၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ စတင် ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။
You may also like these stories: