အမေရိကန်နိုင်ငံ၊ လတ်ဗေးဂတ်စ်မြို့မှာ နှစ်နဲ့ချီပြီး အခြေစိုက် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြင်သစ်နွယ်ဖွား ကနေဒါနိုင်ငံသူ စူပါစတား စလင်းဒီယွန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာပဲ ဆယ်စုနှစ်တခုအတွင်း ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲကို Quebec မြို့ကနေ စတင်လိုက်ပြီ ဖြစ်ပါတယ်။
ဂရမ်မီဆုရှင် အသက် ၅၁ နှစ်အရွယ် စလင်းဟာ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထွက်ဖို့ပြင်ဆင်ထားပြီး သူ့ရဲ့ ၁၂ ခွေမြောက် သီချင်းခွေ အယ်လ်ဘမ်ဖြစ်လာမယ့် “Courage” အယ်လ်ဘမ်အသစ်ကို ဖြန့်ချိမယ်လို့ ကြေညာထားပါတယ်။
အလွမ်းအဆွေးသီချင်းတွေနဲ့ ကမ္ဘာကျော်တဲ့ စလင်းဟာ ၂၀၁၆ ခုနှစ်မှာ ခင်ပွန်းနဲ့ မန်နေဂျာ Rene Angelil ကွယ်လွန်ခဲ့ပြီးတဲ့နောက် ဂီတအသစ်ဖန်တီးဖို့နဲ့ ဖျော်ဖြေပွဲလုပ်ဖို့ စိတ်ခွန်အားတွေကို ရခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဧပြီလမှာ ပြောကြားခဲ့ပါတယ်။
“ကျမ Rene ကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူက ကျမကို စင်ပေါ် ပြန်ရောက်စေချင်တာပါ။ သူက ကျမရဲ့ စိတ်စွဲလမ်းမှုနဲ့ လေ့ကျင့်နေတာကို သေချာသိချင်တာပါ။ သူက ကျမ အဆင်ပြေတယ်ဆိုတာကို သူ့ကို သက်သေပြစေချင်တာပါ။ ကျမတို့အဆင်ပြေပါတယ်။ ကျမတို့ အဆင်ပြေမှာပါ”လို့ စလင်းက ပြောကြားခဲ့ဖူးပါတယ်။
သူဟာ လတ်ဗေးဂတ်စ်မြို့မှာ နှစ်ပေါင်း ၁၆ နှစ်လောက်အချိန်အတွင်း ဖျော်ဖြေပွဲပေါင်း ၁၁၄၀ ခုနဲ့ ပရိသတ်ပေါင်း ၄ ဒဿမ ၅ သန်းကျော်ကို ဖျော်ဖြေခဲ့တဲ့ Caesars Palace ရဲ့ Colosseum မှာ ပြုလုပ်ခဲ့တဲ့ ၂ နာရီကြာ ဖျော်ဖြေပွဲနဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
စလင်းက “Courage (သတ္တိ) ဆိုတာ ကျမ ခံစားခဲ့ရတဲ့အရာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကျမရဲ့ ကလေးတွေကို စကားပြောဖို့၊ သူတို့ကို ကျွေးမွေးစောင့်ရှောက်ဖို့နဲ့ ကျမ ယောက်ျားကို ဆုံးရှုံးရဖို့ဆိုတာ တော်တော်လေးကို ခက်ခဲခဲ့ရပါတယ်။ နောက်တကြိမ် သီချင်း ထပ်ဆိုနိုင်ပါ့မလား ဆိုတာတောင် စဉ်းစားနေခဲ့ရတာပါ။ ကိစ္စတော်တော်များများ ဖြစ်ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကျမရဲ့ဘဝကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ခံစားရပါတယ်”လို့ ဆိုပါတယ်။
အခု ကမ္ဘာလှည့် ဖျော်ဖြေပွဲအတွက် မြောက်အမေရိက တခွင်မှာရှိတဲ့ နေရာပေါင်း ၆၀ လောက်မှာ ဖျော်ဖြေမှုတွေ ဆက်တိုက် ပြုလုပ်သွားမယ်လို့ သူ့ရဲ့ကုမ္ပဏီက ဆိုပါတယ်။ Quebec မြို့မှာတော့ စက်တင်ဘာလ ၁၈ ရက်နဲ့ ၂၁ ရက်တို့မှာ ဖျော်ဖြေပွဲ နှစ်ခုပြုလုပ်ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအထိ ဖျော်ဖြေပွဲတွေ တောက်လျှောက် ပြုလုပ်သွားမှာပါ။
ကမ္ဘာတဝန်း ဘယ်နေရာမှာတွေမှာ ပြုလုပ်ဦးမယ်ဆိုတာကတော့ ဆက်လက် အတည်ပြုနေဆဲ ဖြစ်ပါတယ်။ လတ်ဗေးဂတ်စ်အခြေစိုက် ဖျော်ဖြေပွဲ ပြုလုပ်နေချိန်မှာ ဥရောပနဲ့ အာရှဒေသအချို့မှာ ဒေသတွင်း ဖျော်ဖြေပွဲတချို့ကို ပြုလုပ်ခဲ့ပေမယ့် သူ့ရဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲကတော့ ၂၀၀၈-၂၀၀၉ ခုနှစ်မှာ ဖြစ်ပါတယ်။
Ref. AFP
You may also like these stories:
Titanic ရုပ်ရှင်ထဲက ဆွဲကြိုးနဲ့ လူမြင်ကွင်းကို ထွက်လာတဲ့ Celine Dion
အိမ်သာသွားနေတဲ့ ပရိသတ်ကို စောင့်ပြီးမှ ဖျော်ဖြေပွဲ ဆက်လုပ်ခဲ့တဲ့ စလင်းဒီယွန်
ကွယ်လွန်သူ ခင်ပွန်းသည်အတွက် ဂုဏ်ပြုတေးသီဆိုခဲ့တဲ့ စလင်းဒီယွန်