သရုပ်ဆောင် ဝေဠုကျော်က သူ့အား တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး တရားလိုဖြစ်သူ သင်းသင်းကို သွားရောက် ညှိနှိုင်းတောင်းပန်တာမျိုး မရှိခဲ့ဘူးဆိုတဲ့ ပြောဆိုခြင်းအား သင်းသင်းက ဝေဠုကျော် လာရောက်ညှိနှိုင်းခဲ့တဲ့ သက်သေတွေ အကုန်ရှိတယ်လို့ ပြောပါတယ်။
“သက်သေပြဆိုရင်တော့ လူတွေခေါ်ပြရမလိုတောင် ဖြစ်နေပြီ။ သူတို့ဘက်က မရှိဘူးဆိုရင်တော့ ဗြောင်လိမ်တယ်လို့ ပြောချင်တယ်။ ဗြောင်လိမ်တာလေးကို လျှော့စေချင်တယ်။ သူအမြဲတမ်းလိုလို လိမ်နေတာဆိုတော့ လက်ရှိမှာ ဒီအနေအထားထိတောင် အလိမ်ခံခဲ့ရတာဆိုတော့ ဒီစကားလုံးလောက်နဲ့ အလိမ်ခံရတာတော့ သိပ်အရေးမကြီးတော့ပါဘူး”လို့ သင်းသင်းက ပြောပါတယ်။
သင်းသင်း ဘက်ကလည်း တောင်းပန်တာမျိုးကို မလုပ်ခိုင်းဘဲ တောင်းပန်လို့မရတာကြောင့် အခုလို အနေအထားအထိ ရောက်လာခဲ့တာလို့ ပြောပါတယ်။
“မတောင်းပန်ခိုင်းပါဘူး။ ဘယ်သူမှ တောင်းပန်တယ်၊ မတောင်းပန်တာ သူတို့အပိုင်းပေါ့။ အဲ့လိုပြောရရင် ကျမကို လာလာညှိနေတာက ဘာလဲပေါ့။ ကိုယ့်ဘာသာကိုယ်ပဲ ပြန်စဉ်းစားလို့ပြောချင်တာပါ။ ကျမ စိတ်မဝင်စားပါဘူး။ မတောင်းပန်ခိုင်းပါဘူး။ တောင်းပန်လို့မရလို့ ဒီအနေအထားထိ ရောက်လာပြီးသား”
“သူတို့စပြီး တောင်းပန်ပြီးသား။ တောင်းပန်လို့မရလို့ ကျမက ဒီအနေအထားထိ လုပ်တာ။ တောင်းပန်တာ ဟိုးအစကတည်းကဆိုတာ သူတို့ကိုယ်သူတို့ သိမှာပါ။ ကျမဘက်က လက်မခံတာကို မတောင်းပန်ပါဘူးပြောတော့ ဘာပြောရမလဲ”လို့ သင်းသင်းက ပြောပါတယ်။
လာရောက် ညှိနှိုင်းပေးတဲ့သူများရဲ့ နာမည်များကိုတော့ ထည့်မပြောသေးဘဲ လိမ်ခဲ့တာတွေကြောင့် တရားရုံးထိ ရောက်ခဲ့ရတာလို့ ပြောပါတယ်။
“ဒီကြားထဲမှာ လာညှိတဲ့သူတွေကို နာမည် ဘာလို့ မထည့်လဲဆိုတော့ ရုပ်ရှင်လောကထဲက ဖြစ်နေလို့ နာမည်မထည့်ချင်တော့လို့ နည်းနည်းလေး ရှိန်နေတာပါ။ ညှိလား၊ မညှိဘူးလားဆိုတာ နည်းနည်းစဉ်းစားပါ။ ဒါပေမယ့် ကျမအတွက်က အမြဲတမ်းလိုလို ဗြောင်လိမ်ဗြောင်စားလုပ်နေခဲ့လို့ မိန်းမသား တယောက်အနေနဲ့ တရားရုံးဆိုတာမျိုး ဖြစ်လာတာလေ။ သူ မလိမ်ခဲ့ဘူးဆိုရင် တရားရုံးဆိုတာမျိုး ဖြစ်လာမှာ မဟုတ်ဘူး” လို့ သင်းသင်းကပြောပါတယ်။
ဝေဠုကျော်ဘက်မှ လာရောက်ညှိနှိုင်းခဲ့တာဟာ အမှု မဖြစ်ခင်နဲ့ အမှုဖြစ်ပြီးမှာ ၄ ကြိမ်ခန့် ရှိပြီဖြစ်ပြီး အင်အားတခုနဲ့ တိုက်ခိုက်နေသော်လည်း သင်းသင်းဘက်မှ မတိုက်ခိုက်ပါဘူးလို့ ဆိုပါတယ်။
“သူတို့ဘက်မှ မညှိခိုင်းဘူးဆိုပြီး ပြောတယ်။ ညှိတာ ၃ ကြိမ် ရှိပါပြီ။ စဖြစ်တုန်းကနဲ့ဆိုရင် ၄ ကြိမ် ရှိပြီ။ ဒီကြားထဲမှာ လာလာညှိနေတာနဲ့ဆို ၄ ကြိမ် ရှိနေပါပြီ။ အင်အားတခုနဲ့ဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်ပါ။ ကျမကတော့ ပြုသူအသစ် ဖြစ်သူအဟောင်းအနေနဲ့ ဘာတခုမှ မတိုက်ခိုက်ပါဘူး” လို့ သင်းသင်းကပြောပါတယ်။
ဆက်လက်ပြီးတော့ သင်းသင်းက “ဒီအနေအထားအထိ ရောက်လာတယ်။ သိက္ခာတွေ ကျတယ်။ အရှက်တွေ ကွဲတယ်။ ဘာဖြစ်လို့လဲ ကိုယ့်စကားကိုယ် တာဝန်မယူခဲ့လို့လေ။ လူဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သိတတ်ဖို့ လိုတယ်။ ပိုက်ဆံရှိတာ၊ မရှိတာနဲ့ မဆိုင်ပါဘူး။ ယောကျ်ားလေးတယောက် ဖြစ်တာလေ။ မြင့်မြတ်တဲ့ ယောကျ်ားလေး တယောက်က တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်တယ်လို့ ကျမထင်တယ်” လို့ပြောပါတယ်။
လက်ရှိမှာတော့ သင်းသင်းဘက်မှ တရားလိုပြ သက်သေများကို စစ်ဆေးနေပြီး ကြားထဲမှာ ဝေဠုကျော်ဘက်မှ လျှောက်လွှဲချက်တင် ကန့်ကွက်ခဲ့တာကြောင့် တရားရုံးရဲ့ဆုံးဖြတ်ချက်ကို စောင့်ခဲ့ရပြီးတဲ့နောက်မှာတော့ တရားလိုပြ သက်သေများဖြစ်တဲ့ အသံဖိုင်များကို ဆက်လက် စစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အမှုကိုတော့ ဇန်နဝါရီ ၈ ရက်နေ့က တရားလိုဖြစ်သူ အလှမယ် သင်းသင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You may also like these stories:
“အမှုအတွက် ညှိနှိုင်းခဲ့တာမျိုးရှိခဲ့ရင် သက်သေပြပါ” လို့ ပြောလာတဲ့ ဝေဠုကျော်
“အချိန်ကုန်မခံချင်ရင် ပြစ်မှုမကျူးလွန်နဲ့” လို့ ပြောလိုက်တဲ့ သင်းသင်း
“နေမကောင်းတဲ့ ဝေဠုကျော် မြန်မြန်ကျန်းမာပါစေ” လို့ ဆုတောင်းပေးလိုက်တဲ့ သင်းသင်း
“အမှုက အချိန်တန်ရင် ပြီးသွားမှာပါ”လို့ သရုပ်ဆောင် ဝေဠုကျော် ပြော